နေပြည်တော် ၂၈ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနတွင် ဖွင့်လှစ်ပြသထားသည့် မြေအသုံးချရေးဌာန၊ မျိုးစေ့ဌာနခွဲနှင့် သီးနှံကာကွယ်ရေးဌာနခွဲများ၏ ပြခန်းများသို့ ကြည့်ရှုစစ်ဆေးသည်။ 

 

အစည်းအဝေးတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်မည့် မူဝါဒများအား ရှင်းလင်းတင်ပြပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဌာနစိတ်တာဝန်ခံများ၊ ခြံတာဝန်ခံများ၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မောင်လူမော်

 

58420