မကွေး ၂၈ ဧပြီ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်၍ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ စုပေါင်းအင်အားဖြင့် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့် ဆင့်တို့သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ဒေသစာရီကြွချီအပူဇော်ခံသည်။

 

ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့် တို့အား ယနေ့နံနက်ပိုင်းက ပြည်မြို့ အ.ထ.က (၁)၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း ယာယီစံ ကျောင်းမှ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များက မကွေးမြို့သို့ ပင့်ဆောင်ရာ လမ်းတစ်လျောက်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊  ဒေသခံပြည်သူများက စည်ကားလှိုက်လှဲ စွာဖြင့် ကြိုဆိုဖူးမြော်ကြပြီး စေတီတော်ကြီး တည်ထားကိုးကွယ်ရေး ရတနာရွှေငွေများ၊ အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။

 

ညနေပိုင်းတွင် ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရွှေထီး တော်ဘုံအဆင့်ဆင့် တို့အား  မကွေးမြသလွန်စေတီတော်မြတ်ကြီး ရင်ငွေ့လှုံကာ မြသလွန်ဘုရားပွဲ တော်ကွင်းတွင် ဒေသခံပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် ပူဇော်ခံ ထားရှိသည်။

 

ညပိုင်းတွင် မကွေးမြို့ မြသလွန်ဘုရားပွဲတော်ကွင်းတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ ငြိမ်းချမ်းရေးတရားတော်ကို ဟောကြားချီးမြှင့်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးမြသလွန်စေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံ ရဟန်းရှင်လူ ပြည်သူများက တရားတော်ကို ရိုသေစွာ နာယူကြည်ညို ကြသည်။

 

ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့်  ရတနာစိန်ဖူးတော်များအား တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ဒေသစာရီကြွချီ အပူဇော်ခံလျက်ရှိရာ ဧပြီ ၂၉ ရက်တွင် ပုဂံ၊ ဧပြီ ၃၀ ရက်မှ မေ ၁ ရက်ထိ မုံရွာ၊ မေ ၂ ရက်မှ ၆ ရက်ထိ မန္တလေး၊ မေ ၇ ရက်တွင် ကျောက်ဆည်၊ မေ ၈ ရက်တွင် သဲတော (ဝမ်းတွင်း)၊ မေ ၉ ရက်မှ ၁၁ ရက်ထိ တောင်ကြီး၊ မေ ၁၂ ရက်တွင် လွိုင်ကော်၊ မေ ၁၃ ရက်တွင် တောင်ငူ၊ မေ ၁၄ ရက်မှ ၁၈ ရက်ထိ နေပြည်တော်တို့တွင် ဒေသစာရီကြွချီ ပူဇော်ခံသွားမည်ဖြစ်သည်။

 

ဟန်လင်းနိုင်

 

14.j