ရန်ကုန် ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် စာနာထောက်ထားသော ပရဟိတရှေ့နေများ၏ ဥပဒေအထောက်အကူပြုအဖွဲ့ (SPLG)တို့ဦးဆောင်ကျင်းပသည့် ဆောလျင်စွာ ဥပဒေ အထောက်အကူပြုရပိုင်ခွင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ Diamond Condominiun ရှိ စကားဝါခန်းမတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော် က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဟိုး က ဆောလျင်စွာ ဥပဒေ အထောက်အကူပြု ရပိုင်ခွင့် ဥပဒေဆိုင်ရာ လုပ်ဆောင်ရန်လိုအပ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ ရပိုင်ခွင့်ကို လည်းကောင်း၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော် က ရဲစခန်းနှင့် အကျဉ်းဦးစီးဌာနများတွင် ဥပဒေ အထောက်အကူပြု ဆောလျင်စွာရရှိရေးနှင့် စိန်ခေါ်မှုများ ကိုလည်းကောင်း ဆွေးနွေးပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရီ က ဥပဒေဆိုင်ရာအထောက်အကူပေးခြင်း အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဆောလျင်စွာ ဥပဒေ အထောက်အကူပြုရပိုင်ခွင့် ကိုလည်းကောင်း၊ ဆောလျင်စွာ ဥပဒေ အထောက်အကူပြုရပိုင်ခွင့်နှင့် ပတ်သက်၍ လက်တွေ့ ကြုံတွေ့ရမှုများကို လည်းကောင်း၊ ဆောလျင်စွာ ဥပဒေ အထောက်အကူပြု ရပိုင်ခွင့်လုပ်ထုံး လုပ်နည်း အကြံပြုချက်များကို လည်းကောင်း ဆွေးနွေးကြပြီး အပြန်အလှန် ဆွေးနွေးချက်များမှ ရရှိလာသည့် ရလာဒ်များကို မှတ်တမ်းတင်သည်။
ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော် က “လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်လောက်က ဥပဒေပြဌာန်းချက်မှာပါနေတဲ့ရှိရင်းစွဲ ဥပဒေတွေကို ကျင်းသုံးလာခြင်း မရှိတဲ့အခါမှာ ဒီကနေ့ လက်ရှိ တာဝန်အရ ဆောင်ရွက်နေကြတဲ့ တချို့ တချို့သော တရားစွဲ အဖွဲ့အစည်းဌာနဆိုင်ရာတွေမှာ ဒီလိုချုပ်နှောင်တာဟာဖြင့် တရားဥပဒေနဲ့ညီတယ်။ ဒီကိုလာပြီးတော့ အကူအညီတောင်းရင် ရှေ့နေဟာတရားခံနဲ့ တွေ့ခွင့်မရှိဘူး။ ရမန်ကာလ အတွင်းမှာ ရှေ့နေဟာ ဝင်ရောက်ခွင့်မရှိဘူး။ တရားရုံးရောက်မှ ရှေ့နေဟာပါဝါယူပြီးမှ လိုက်ပါဆိုတဲ့ ပြောဆိုမှုတွေဟာ ပြည်သူတွေကို ဥပဒေအကူအညီ ဆောလျင်စွာပေးဖို့နေရာမှာ အဓိကကျတဲ့ စိန်ခေါ်မှုတွေပါ။
ဒီစိန်ခေါ်မှုတွေကို တစ်ယောက်နဲ့ တစ်ယောက် ငြင်းကြ၊ ခုန်ကြ လုပ်မယ့်အစား ဌာနဆိုင်ရာ တွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေချုပ်၊ တရားရုံးချုပ်က အဖွဲ့အစည်းတွေပါတုန်းမှာ ကျွန်တော်တို့က ဒီဥပဒေလေးတွေကိုထောက်ပြ၊ ဆွေးနွေးကြ၊ ပျောက်ကွယ်နေတဲ့ ဥပဒေတွေနဲ့ ဥပဒေရဲ့ အနှစ်သာရ မရှိတော့တဲ့ဥပဒေတွေကို ကျွန်တော်တို့ အချင်းချင်းညှိနှိုင်းရင်းနဲ့ ဒီဥပဒေအရ ဆောင်ရွက်နိုင်တယ်ဆိုရင် ပြည်သူလူထုကို ကျွန်တော်တို့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ရဲ့ ဥပဒေ ရည်ရွယ်ချက်တွေမှာပါတဲ့ အတိုင်း စတင်ဖမ်းတဲ့ အချိန်ကစပြီးတော့ ဥပဒေနဲ့အညီ အကူအညီပေးနိုင် မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲလေးကို လုပ်တာပါ” ဟုပြောသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ တရားလွှတ်တော်ကိုယ်စားလှယ်များ၊ စာနာထောက်ထားသော ပရဟိတရှေ့နေများ၏ ဥပဒေ အထောက်အကူပြုအဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး


