ရန်ကုန်၂၈ ဧပြီ
ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ရေပေါ်ကစားနည်းပြိုင်ပွဲကို ယနေ့ပိုင်းက သာကေတမြို့နယ် ရှုခင်းသာ Yangon Water boom ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
“ကျွန်မတို့ မြန်မာလူငယ်တွေ ရေပေါ်ကစားနည်း ကစားဖူးစေချင်တယ်။ ပြိုင်ပွဲက လွယ်ကူတဲ့ကစားနည်းပါ။ နိုင်ငံတကာမှာ ဒီထက်ခက်ခဲတဲ့ကစားနည်းပြိုင်ကြတာပါ။ ပြိုင်မယ်ဆိုရင်အသက် ၁၈ နှစ် မှ ၃၅ နှစ်အတွင်း ကျန်းမာကြံ့ခိုင်တယ်လို့ ယုံကြည်မှုရှိသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ ပြိုင်ပွဲက အန္တရာယ်မများတဲ့ ကစားနည်းပါ။ ရေမကူးတတ်တဲ့သူတွေ ပါဝင်ဆင်နွှဲနိုင်ပါတယ်။ နောက်နှစ်တွေမှာ ဒီထက်ခက်ခဲတဲ့ ကစားနည်းတွေ ကျင်းပသွားမှာဖြစ်ပါတယ်”ဟု VITACAP မှ ထုတ်ကုန်မန်နေဂျာ ဒေါက်တာဇွန်လဲ့မောင်က ပြောသည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦးရေ ၁၀ဝ တို့က အသင်းလေးသင်းခွဲကာ တစ်သင်း၂၅ ဦးဖြင့် ရေပေါ်ဘောလုံးပစ်၊ ရေပေါ် လမ်းလျှောက်၊ ရေပေါ်တောင်တက်၊ ရေပေါ်အခက်အခဲကျော်ဖြတ်ကစားနည်းများ ယှဉ်ပြိုင်ကြပြီး ပထမရ ရှိသည့်အသင်းအား ဆုငွေ ကျပ် ၁၀ သိန်းချီးမြှင့်ခဲ့သည်။
ယင်းရေပေါ်ကစားနည်းပြိုင်ပွဲကို ၂၀၁၈ က မန္တလေးမြို့တွင် ကျင်းပခဲ့ရာ လာရောက်ကြည့်ရှု့သူ ၇၀ဝ ကျော် အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ ဗလစိုး


