ကျောက်တံခါး ၂၉ ဧပြီ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် ဖဒိုမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ သဘာဝသယံဇာတ ဖွံ့ဖြိုးရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဈေးဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဗိုလ်ချုပ်အောင်ဆန်း ဈေးဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်းကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျောက်တံခါးမြို့နယ် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းကျော်က ဈေးသစ်ကြီးဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မသန်စွမ်းသူများကိုယ်စား မသန်စွမ်းသူတစ်ဦးက ဈေးသစ်ကြီးတွင် မသန်စွမ်းများအတွက် သွားလာနိုင်ရေး ထည့်သွင်းဆောင်ရွက်ပေးထားသဖြင့် ကျေးဇူးတင်စကားပြောကြားပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်သည်။
ဈေးသစ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများအား သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးအပ်ပြီးနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များက ဈေးသစ်ကြီးအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


