လှိုင်းဘွဲ  ၂၉ ဧပြီ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံတိုက်နယ်ဆေးရုံတွင် မျက်ဝေဒနာရှင်များအား တိပိဋကစက္ခုပါလအဖွဲ့၏ မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်း အောင်ပွဲအထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် ကျင်းပခဲ့သည်။

 

ထို့နောက် မျက်စိအလင်းအလှူရှင် ကော့မူးခုကုမ္ပဏီဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောဖော့ဒိုးက မျက်စိအလင်းကုသိုလ် ပြုလုပ်ရခြင်းအားလည်းကောင်း၊ ဘုံကျော်ဆရာတော် ဘဒ္ဒန္တ ဦးပဏ္ဍဝံသက ကျေးရွာပြည်သူများအတွက် မျက်စိ အလင်းအလှူအား ဆောင်ရွက်ခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်းတို့ကိုလည်းကောင်း၊ မျက်စိ ဆရာ ဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက မျက်စိခွဲစိတ်ကုသမှုနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ကျင်းပဆောင်ရွက်ခဲ့ကြသော ဆရာတော်များ၊ မျက်စိခွဲစိတ် ဆရာဝန်များ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး အခမ်းအနားတက်ရောက်လာသည့် မျက်စိခွဲစိတ်ပြီးသည့်လူနာများအား ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဆောင်ဆရာတော်များ၊ တာဝန်ရှိသူများက မျက်မှန်များ တပ်ဆင်ပေးခြင်းနှင့် ဆေးဝါးများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကာ မျက်စိခွဲစိတ်ထားသည့် ပြည်သူများအား လှည့်လည်ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့သည်။

 

ဧပြီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ထီလုံတိုက်နယ်ဆေးရုံတွင် မျက်စိစမ်းသပ်စစ်ဆေးသူ ၁၄၄၁ ဦး၊ မျက်စိခွဲစိတ်သူ ၁၅၇ ဦး၊ မျက်မှန်တပ်ဆင်သူ ၁၀၅၂ ဦးကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

 

receive