ကျောက်ဖြူ  ၂၉  ဧပြီ  

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များသို့ ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)  အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ချက်များကို ယမန်နေ့ ည ၉ နာရီက ကျောက်ဖြူမြို့နယ် မီးသတ်ဦးစီးဌာန လက်ထောက်မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းနှင့်အဖွဲ့က လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါမုန်တိုင်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရီလင်္ကာနိုင်ငံ၊ ထရင်း ကိုမာလီမြို့၏ အရှေ့တောင်ဘက် မိုင်(၅၈၀)ခန့်၊ မာချီလီပတ္တနမ်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၆၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)  အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း၊ မုန်တိုင်းသည် လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟုသတ်မှတ်ပါသည်ဟု   မိုးလေဝသသတင်ဌာနနှင့် မြန်မာ့အသံတို့မှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI) သည် နောက်(၇၂)နာရီအတွင်း အရှေ့မြောက်ဘက်သို့ ကွေ့ကာရွေ့လျားမည်ဟု ခန့်မှန်းရပြီး၊ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် သတိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

 

ဖြိုးဝေလင်း(ပြန်/ဆက်)