နေပြည်တော် ၂၉ ဧပြီ
နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးတက်ရရှိသည့်အပြင် စားနပ်ရိက္ခာဖူလုံ၍ နှစ်စဉ်တစ်ဦးချင်း အသား၊ နို့၊ ဥ စားသုံးနိုင်မှု တိုးတက်လာစေရန်ရည်ရွယ်ကာ မြစိမ်းရောင်(အသားဏ္ဍ)ရန်ပုံငွေ ပေးအပ်ပွဲကို ယနေ့၊ နံနက် ၁၀ နာရီတွင် နတ်သူရဲကျေးရွာအုပ်စု၊ နတ်သူရဲကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး၊ နေပြည်တော်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာကျော်ဝင်းမှ ရန်ပုံငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသများ ဖွံ့ဖြိုးလာမှုနှင့်အတူ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမြင့်မားလာစေရန် မျှော်မှန်းပြီး အသက်မွေးဝမ်းကျောင်းပြုရသော မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေခြင်းဖြင့် အာဟာရပြည့်ဝပြီးကျန်းမာရေးနှင့် ညီညွတ်သော စာနပ်ရိုက်က္ခာများ ဖူလုံစွာ စားသောက်နေနိုင်စွမ်းရှိလာပြီး မိသားစုဝင်ငွေတိုးတက်ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ယခုလို ရန်ပုံငွေများ ကျေးရွာအရောက်လာရောက် ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် တာဝန်ရှိသူများမှ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကျပ် သိန်း(၃၀ဝ)အား ကျေးရွာမြစိမ်းရောင်(အသားကဏ္ဍ) ကြီးကြပ်မှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာ မြစိမ်းရောင်(အသားကဏ္ဍ) ကြီးကြပ်မှုကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
စိုးမိုး(ပြန်/ဆက်)


