နေပြည်တော် ၂၉ ဧပြီ
ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း(နေပြည်တော်)တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး၊ စာအုပ်စာစောင်များတိုးပွားလာစေရေးနှင့် မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဖွဲ့စည်းနိုင်ရေးအတွက် စာကြည့်တိုက်များဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း(နေပြည်တော်)ဥက္ကဋ္ဌ ဦးဝင်းမြတ်ကျော်က စာကြည့်တိုက် တစ်တိုက် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည့် အချက်အလက်များနှင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရန်အတွက် ဖောင်ဒေးရှင်းအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများက မိမိတို့စာကြည့်တိုက်အလိုက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးပေးသည်။
ထို့နောက် မြို့ပေါ်ရပ်ကွက်စာကြည့်တိုက်များနှင့် ကျေးရွာစာကြည့်ကတိုက်များအတွက် စာအုပ်စာစောင်များကို နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လှူဒါန်းပေးသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစာကြည့်တိုက်မှူးများ၊ စာကြည့်တိုက်တာဝန်ခံများ တက်ရောက်ကြသည်။
စိုးမိုး(ပြန်/ဆက်)


