ဟားခါး ၂၉ ဧပြီ
ချင်းပြည်နယ်၏ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဦးစီးဌာနနှင့် ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲကို (၄)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယနေ့နံနက်(၉)နာရီက ချင်းပြည်နယ် စီမံကိန်းဦးစီးမှူးရုံး သင်တန်းခန်းမ၌ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုးက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဆွေးနွေး အကြံပေးကြမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူ ITC မှ Dr.Nicole Hausler (အကြီးတန်းအကြံပေး)၊ Daw Winnie တို့နှင့် တက်ရောက်လာကြသူများက ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက်များကို ရှင်းလင်း ဆွေးနွေးခြင်း၊ ချင်းပြည်နယ်အတွင်း ဟိုတယ်လိုင်စင်ရယူခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်ရေး အပါအဝင် ခရီးသွားလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရေး ဆက်စပ်လုပ်ငန်းများနှင့် ပတ်သက်၍ ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၂၉ ရက်မှ မေလ ၃ ရက်အထိ၊ မေလ(၁)ရက်နေ့ပိတ်ကာ (၄)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကော်မတီ၏ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သောအလုပ်ရုံဆွေးနွေးပွဲ ဖြစ်ကြောင်း ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ခရီးသွားလုပ်ငန်းစိတ်ဝင်စားသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
မြင့်နိုင်စိုး(ထီးလှိုင်မြေ)


