ငွေဆောင် ၂၉ ဧပြီ 

၂၀၁၈ - ၂၀၁၉ ဒသမတန်း လူရည်ချွန် မောင်မယ်များသည် အုပ်ချုပ်သူ ဆရာ၊ ဆရာမများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ထိုမှတစ်ဆင့် လူရည်ချွန်စခန်း(ငွေဆောင်)သို့ ဆက်လက်ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့သို့ ရောက်ရှိကြသည်။

 

g10

 

လူရည်ချွန် မောင်မယ်များကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပုသိမ်ဟိုတယ်၌ ကြိုဆိုနှုတ်ဆက်ပြီး ဂုဏ်ပြုနေ့လည်စာဖြင့် တည့်ခင်းဧည့်ခံသည်။

 

g12

 

ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွန်ကြားရေးမှုးချုပ် ဦးကျော်ဝင်းက ဘက်စုံပညာထူးချွန် အပန်းဖြေစခန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လူရည်ချွန် မောင်မယ်များက အုပ်စုအလိုက် ပြန်လည်မိတ်ဆက်ကြသည်။

ညနေပိုင်းတွင် လူရည်ချွန်မောင်မယ်များသည် လူရည်ချွန်စခန်း(ငွေဆောင်)သို့ ရောက်ရှိကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုလဲငွေဆောင်ဟိုတယ်၌ လူရည်ချွန် မောင်မယ်များနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးအား ၁၉၆၄ - ၁၉၈၈ လူရည်ချွန်ကြီးများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

လူရည်ချွန်စခန်း(ငွေဆောင်)ကို ဧပြီ ၂၉ ရက်မှ မေ ၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး  လူရည်ချွန်မောင်မယ်များ အပန်းဖြေနေထိုင်စဉ်အတွင်း လေ့လာရေးခရီးစဉ်နှင့် ဟောပြောပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်း - မင်းသစ်(MNA)၊ ဓာတ်ပုံ - နေလင်း