နေပြည်တော် ၃၀ ဧပြီ
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ဧပြီ ၂၈ ရက်တွင် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော လားရှိုး-ဘူတာရုံလမ်း ကတ္တရာကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် Oriental Highway Co., Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော နောင်ချို - လားရှိုးလမ်းအပိုင်း မိုင် (၁၄၉/၅) အနီး စဉ့်အင်သံပေါင်တံတား ကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မြောက်ပိုင်းဆက်သွယ် ဖောက်လုပ်နေသော ကျောက်ဂူ- နောင်ဝိုး- နမ့်လန်လမ်းအပိုင်း မိုင် (၃၆/၂) အနီး ကျောက်ချောလမ်းခင်းခြင်းနှင့် ပေ (၄၀)အကျယ် လမ်းတာဘောင် တိုးချဲ့ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် Oriental Highway Co., Ltd ၏ နောင်ချိုနှင့် ကျောက်မဲအကြား ဂုတ်ထိပ်တံတား တည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး ဂုတ်ထိပ်လမ်းအပိုင်းသည် ယာဉ်အသွားအလာများပြီး ယာဉ်ပိတ်ဆို့မှုများ မကြာခဏဖြစ်သဖြင့် တံတားတည်ဆောက်ခွင့် အမြန်ရရှိရေး သက်ဆိုင်ရာဌာနသို့ အမြန်တင်ပြသွားရန် တာဝန်ရှိသူများကို မှာကြားသည်။
(သတင်းစဉ်)


