မန္တလေး ၃၀ ဧပြီ
စစ်ကိုင်းမြို့တွင် မိုးခေါင်သည့်အတွက် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်တွင် ငရံ့မင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် လွန်ဆွဲပွဲကို အခုလ ၂၉ ရက်မှ စတင်ကျင်းပခဲ့ကြောင်း တကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟန်ရှိန် ထံမှ သိရသည်။
လွန်ဆွဲပွဲကို ရန်အောင်မြင်ဆုကြီးပန်စေတီ ရှေ့လမ်းမပေါ်၌ ဧပြီ ၂၉ ညနေပိုင်းမှ စတင် ကျင်းပခဲ့သည်။ လွန်ဆွဲ ပွဲကို သုံးရက်ကြာ ပြုလုပ်မည်ဖြသ်ပြီး မိုးမရွာပါက ၅ ရက်ကြာအောင် လွန်ဆွဲ ပွဲ ဆက်လက် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
"မိုးခေါင်တဲ့ နှစ်တိုင်းဆွဲဖြစ်တယ်၊ မနှစ်က ရာသီဥတုကောင်းမွန်တဲ့အတွက် မဆွဲဖြစ်ဘူး။ ဒီနှစ်က အတော်လေးပူတယ် မိုးလည်းခေါင်တဲ့အတွက် လွန်ဆွဲပွဲကျင်းပတာဖြစ်ပါတယ်'' ဟု တကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟန်ရှိန် ကပြောသည်။
ငရံ့မင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲတွင် ဆရာတော်များက မိုးရွာသည့် ကမဝါ ဖတ်ခြင်း၊ ငရံမင်းပရိတ်ရွတ်ခြင်းများ ဆောင်ရွက်ပြီး တကောင်းရပ်ကွက်အတွင်းရှိ လူငယ်များ၊ ရပ်ကွက်နေပြည်သူများနှင့် လူမှုကူညီရေးအသင်းများက လွန်ဆွဲခြင်းပြုလုပ်ကြကြောင်း သိရသည်။
လွန်ဆွဲပွဲတွင် အမျိုးသားတစ်ဖက်၊ အမျိုးသမီးတစ်ဖက် ယှဉ်ပြိုင်ဆွဲရမည်ဖြစ်ပြီး အမျိုးသားများဘက်က အနိုင်ရအောင်ဆွဲရကြောင်း သိရသည်။
အိမို့မို့ခိုင်


