ရန်ကုန် ၃၀ ဧပြီ 

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း (ရန်ကုန်တိုင်းဒေသကြီး)နှင့် ဒလသစ္စာစာကြည့်တိုက်တို့ ပူးပေါင်းစီစဉ်၍ ဒလမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကူညီဆောင်ရွက်သည့် နွေရာသီ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော်၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆုများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌  ကျင်းပခဲ့သည်။

 

1235

 

1245

 

အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက နိုင်ငံတော်အစိုးရမှ  ကလေးစာပေးပွဲတော်၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို တစ်နိုင်ငံလုံး ဆောင်ရွက်ပေးနေပါကြောင်း၊ ဒီလိုမျိုး မြို့နယ်အဆင့်အနေဖြင့် တာဝန်ရှိသူများက ဦးစီးဦးဆောင် ပြုလုပ်ပေးသူများကို အလွန်ပင်ကျေးဇူးတင်ရှိပါကြောင်း၊ ကလေးများအနေဖြင့် စာဖတ်ဖို့လိုအပ်နေပါကြောင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများနှင့် စာသင်ကျောင်းများတွင် စာကြည့်တိုက်များ ပေါ်လာစေရန် ကြိုးစားဆောင်ရွက်နေပါကြောင်း၊  စာပေကိုချစ်မြတ်နိုးသည့် ခေါင်းဆောင်များ၊ လူရည်ချွန်များ ဦးဆောင်ပြီး ကလေးများကြားတွင် စာပေဖတ်တတ်သည့် အလေ့အကျင့်များ ဆောင်ရွက်ပေးနိုင်ပါက မိမိတို့ နိုင်ငံကြီး၏ အနာဂတ်တွင် စာပေတတ်သည့် ခေါင်းဆောင်ကောင်းများ၊ စာပေနှံ့စပ်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားပြီး ထင်ရှားသော နိုင်ငံခေါင်းဆောင်များနှင့် ပညာရှင်များ၏ ပြောကြားခဲ့သော စာပေနှင့်ပတ်သက်သော အကြောင်းအရာများကို ဗဟုသုတတိုးပွားစေရန် အသိပညာပေး ပြောကြားခဲ့သည်။ 

 

1266

 

ထို့နောက် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများ ရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်၊ ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသူများနှင့်အတူ ပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် ပန်းချီပြခန်း၊ ဓာတ်ပုံပြခန်း၊ ကာတွန်းပြခန်း၊ ကယန်းတိုင်းရင်းသားရိုးရာပြခန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။    

 

12469


နွေရာသီ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ မြို့နယ်အတွင်းရှိ ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များနှင့် လူကြီးများပါ လာရောက်လျက်ရှိသည်။ 

 

1299

 

ထို့အတူ ရန်ကုန်မြို့ ပန်းဆိုးတန်းစာအုပ်တန်း၊ ဗိုလ်ချုပ်ဈေး၊ သိမ်ဖြူစာအုပ်တန်းများမှ ဆိုင်ခန်းများတွင် ကလေး၊ လူငယ်၊ လူကြီးတို့ ကြိုက်နှစ်သက်မည့် စာအုပ်၊ စာပေအမျိုးမျိုးကို ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိသည်။ ပွဲတော်တွင် ကလေးငယ်များနှင့် လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတ ရရှိစေရေး၊ စာအုပ်စာပေ၌ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရေး၊ စုပေါင်းအလုပ်များတွင် ပူးပေါင်းပါဝင်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် အနာဂတ်တွင် တိုင်းပြည်အတွက် လူရည်ချွန်များအဖြစ် ဦးဆောင်မှုပြုနိုင်စေရန် ရည်ရွယ်၍ နွေရာသီ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို မြို့နယ်အဆင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ 

နွေရာသီ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဧပြီ ၂၇ ရက်မှ ၂၉ ရက်အထိ နံနက်(၉)နာရီမှ ည(၁၁)နာရီအချိန်ထိ (၃)ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)