နေပြည်တော် ၃၀ ဧပြီ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ဂျပန်နိုင်ငံ အအိချီခရိုင် နာဂိုဟာမြို့တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်  မစ္စတာတိုရှိအိုနီရှိမူရက WES-VI (Management organization of drone) ကုမ္ပဏီအနေဖြင့် ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် Drone Industry လာရောက်ဖွင့်လှစ်ကာ ပုဂံဒေသတွင် ရိုက်ကူးမှုများပြုလုပ်ရန်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့် အအိချိခရိုင်အကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် မြန်မာနိုင်ငံအတွက် အကျိုးရှိနိုင်မည့် လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပုဂံဒေသသို့ လာရောက်ရိုက်ကူးပါက လိုအပ်သည့် အကူအညီများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ နာဂိုယာမြို့အကြား နာဂိုယာ-ဂျပန်-မြန်မာ ချစ်ကြည်ရေး အဖွဲ့အစည်းတစ်ခုထားရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ဂျပန်နိုင်ငံအား ဗီဇာကင်းလွတ်ခွင့်ပေးထားသည့်အတွက် ဧည့်သည်များ ပိုမိုလာရောက်ရေးအတွက် ကူညီပေးစေလိုကြောင်းနှင့် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ လာရောက်၍ ခရီးသွားပြပွဲများ၊ Road Show များ လာရောက်ပြသရာတွင် လိုအပ်သည့် အကူအညီများပေးစေလိုကြောင်း ပြောကြားသည်။ 

(သတင်းစဉ်)