နေပြည်တော် ၃၀ ဧပြီ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့နံနက် ၉ နာရီတွင် M Gallery ဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဧရာဝတီဘဏ်လီမိတက်မှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေနှင့် ပံ့ပိုးကူညီ အကောင်အထည်ဖော်ထားသော တပ်ကုန်းမြို့နယ်ရှိ ပေတောကျေးရွာ ဥစားကြက်ခြံ စီမံကိန်းအတွက် ပေတောကျေးရွာ ရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဧရာဝတီဘဏ်လီမိတက်နှင့် Myanmar CP.Livestock Co.,Ltd. တို့အကြားချေးငွေ သဘောတူ စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ ပေတောကျေးရွာ ဥစားကြက်ခြံစီမံကိန်း ဆောင်ရွက်နိုင်ရေးအတွက် ချေးငွေထောက်ပံ့ရေး အစီအစဉ်အား ၂၀၁၈ ခုနှစ် မေလမှစတင် ညှိနှိုင်းခဲ့ပြီးစီမံကိန်းအတွက် ဧရာဝတီဘဏ်မှ ငွေကျပ် သန်း (၁၃၀ဝ) ကို အတိုးနှုန်း ၁၁ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်း(၁၀)နှစ် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၊ လူမှု့အဖွဲ့အစည်းနှင့် ကုမ္ပဏီတို့အတွက် ရေရှည်အကျိုးကျေးဇူးရရှိစေမည် ဖြစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီဘဏ်လီမိတက်၊ Myanmar CP.Livestock Co.,Ltd. နှင့် ပေတောကျေးရွာ ရန်ပုံငွေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူတို့က စာချုပ်ချုပ်ဆိုသည့် အကြောင်းအရင်းနှင့် ရရှိလာမည့်ရလဒ်များအား ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဧရာဝတီဘဏ်လီမိတက်နှင့် Myanmar CP.Livestock Co.,Ltd.၊ ပေတောကျေးရွာ ရန်ပုံငွေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
(သတင်းစဉ်)


