နေပြည်တော် ၃၀ ဧပြီ 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ဂျပန်နိုင်ငံ အအိချိခရိုင်၊ နာဂိုယာမြို့ရှိ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ဖြစ်သူ မစ္စတာ တိုရှိအို နီရှိမူရ (Mr. Toshio Nishimura) နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ကဗျာ၊ စာပေ၊ ပန်းချီ၊ အနုပညာ ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး၊ Documentary ၊ Drama ၊ Action ရုပ်ရှင်ဇာတ်ကားများ ပူးပေါင်းရိုက်ကူးရေးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Animation များ ပူးပေါင်းဆောင်ရွက်ရေး၊ ခရိုင်၊ မြို့နယ်တို့ရှိ စာကြည့်တိုက်များနှင့် ကလေးစာကြည့်တိုက်များသို့ ကူညီဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

မစ္စတာ တိုရှိအို နီရှိမူရအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)