နေပြည်တော် ၃၀ ဧပြီ 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးရန်  ဟားခါးမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဟားခါး- ဟာသာ- တောင်ခင် ရမ်းလမ်းဖောက်ထားမှုနှင့် ဒေါင်ဗားချောင်း တံတားတည် ဆောက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဟားခါးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများက ရိုးရာဓလေ့အတိုင်း ဂုဏ်ပြုကြိုဆိုကြပြီး ဒေသတွင်း လိုအပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို တင်ပြကြရာ ဒုတိယသမ္မတက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါး - ဟာသာ - တောင်ခင်ရမ်း လမ်းဖောက်လုပ်ထားမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးကြသည်။

 

d111


ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါး - ဟာသာ - တောင်ခင်ရမ်းလမ်း (၄၂ - ၄၃) ကီလိုမီတာအကြား ဒေါင်ဗားချောင်းတံတား တည်ဆောက်ခြင်း စီမံကိန်းသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် တံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရှင်လင်းဆောင်၌ တံတားဦးစီးဌာန၊ တံတားစီမံကိန်းအဖွဲ့(၁)မှ လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင်က တံတားစီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက လုပ်ငန်းလိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။    

ဒေါင်ဗားချောင်းတံတားသည် အရှည် ၂၅၀ ပေ၊ အကျယ် ၃၀ ပေရှိပြီး  စီမံကိန်းတန်ဖိုးအားဖြင့် ငွေကျပ်သန်း ၁၃၀ဝ ခန့်မှန်းထားသည်။ အဆိုပါ စီမံကိန်းကို ၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်တွင် စတင်ဆောင်ရွက်ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် တံတား(၁)စင်းလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ လမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးရဲလင်းက ဟားခါး - ဟာသာ - မှန်တော လမ်းဖောက်လုပ်နေမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းတင်တင်ပြချက်များအပေါ် ဒုတိယသမ္မတက အဆိုပါ လမ်းပိုင်းသည် မုံရွာ -ယာကြီး - ကလေးဝလမ်းနှင့် ဆက်စပ်နေသည့် အတွက် အိန္ဒိယနိုင်ငံနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန် သွက်လက်လာမည်ဖြစ်ပြီး ဟားခါးမြို့မှ အထက်မြန်မာပြည်သို့ သွားရောက်ရာတွင် အဓိကကျသည့် လမ်းပိုင်းတစ်ခု ဖြစ်ကြောင်း၊ လမ်းတာချဲ့ရန် လိုအပ်သော အပိုင်းများကို ၃၄ ပေအကျယ်အထိ ဆောင်ရွက်သွားရန်၊ အတက်၊ အဆင်း မတ်စောက်သည့်နေရာများအား ပြေပြစ်အောင် ဆောင်ရွက်သွားရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေရရှိရေးအား ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် လုပ်ငန်းနှောင့်နှေးမှု မရှိစေရေးနှင့် အရည်အသွေး ပြည့်မီစေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်မှုများကို အလေးထားလုပ်ဆောင်သွားရန် မှာကြားသည်။

 

d22


အဆိုပါ လမ်းလုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် (၂၀၁၇ - ၂၀၁၈) ဘဏ္ဍာနှစ်တွင် ပေ ၂၀ အကျယ် လမ်းသစ်ဖောက်လုပ်ခြင်း ၉ မိုင် ၂ ဖာလုံ၊ (၂၀၁၈ - ၂၀၁၉) ဘဏ္ဍာနှစ် (၆ လဘတ်ဂျက်) လုပ်ငန်းဆောင်ရွက်မှု အနေဖြင့် ၃၄ ပေအကျယ် လမ်းတာချဲ့ခြင်း ၁၅ မိုင် ၂ ဖာလုံ၊ ၃၄ ပေအကျယ် လမ်းသစ်ဖောက်ခြင်း ၄ မိုင် ဝ ဖာလုံ၊ ရေထုတ်ပြွန် တည်ဆောက်ခြင်း ၃၃ လုံး၊ Gabion Wall တည်ဆောက်ခြင်း ၅၀၅ ကုဗမီတာ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အနေဖြင့် ၃၄ ပေအကျယ် လမ်းတာချဲ့ခြင်း ၅ မိုင် ၇ ဒသမ ၅ ဖာလုံ၊ ၁၄ ပေအကျယ် အမာခံလမ်းခင်းခြင်း ၂ မိုင် ၄ ဖာလုံနှင့် တစ်ကြောင်းထိုးဖောက်လုပ်ခြင်း၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် လုပ်ငန်းလျာထားချက်အနေဖြင့် ၃၄ ပေအကျယ် လမ်းဖောက်လုပ်ခြင်း ၆ မိုင် ၇ ဖာလုံ၊ ရေထုတ်ပြွန်တည်ဆောက်ခြင်း ၉ လုံး၊ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း ၂ စင်း၊ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း ၁၆၄ ပေနှင့် တစ်ကြောင်းထိုး ဖောက်လုပ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။    

(သတင်းစဉ်)