ညောင်ရွှေ ၃၀ ဧပြီ
အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းသို့ ရောက်ရှိနေကြသော ဒေသအသီးသီးမှ လူရည်ချွန်မောင်မယ်များအား အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက လူရည်ချွန်စခန်း ဖွင့်လှစ်ထားရှိရာ ခေါင်တိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ အသိပညာပေး ဆွေးနွေးဟောပြောပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် (၁၉၆၄-၁၉၈၈)ခုနှစ် လူရည်ချွန်ဟောင်းများနှင့် (၂၀၁၉)ခုနှစ် လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်ရာ လူရည်ချွန်ဟောင်းများမှ လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ၊ ဆရာမများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း၊ ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုခြင်းနှင့် ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ(ညောင်ရွှေ)


