မန္တလေး ၃၀ ဧပြီ
မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း၌ ကွင်းဆင်းစစ်ဆေးပြီးသော သရက်ခြံ ၁၆ ခြံကို GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သီးနှံများဈေးကွက်အတွင်းသို့ အရည်အသွေးပြည့်မီစွာ ရောင်းချနိုင်ရေးနှင့် ပြည်ပနိုင်ငံများသို့ စံချိန်စံညွှန်းမီ တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား GAP လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ပေးကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ယခုနှစ်အတွင်း ကော်ဖီ ၁၅ ခြံ၊ စတော်ဘယ်ရီ ၈ ခြံတို့ကို GAP လက်မှတ်ထုတ်ပေးခဲ့ပြီး၊ ဆက်လက်ထုတ်ပေးရန် သရက်ခြံ ၁၆ ခြံကိုလည်း ကွင်းဆင်းစစ်ဆေးပြီးဖြစ်၍ လက်မှတ်များထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"တိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးသီးနှံတွေကို ထုတ်လုပ်နေတဲ့ တောင်သူတွေကို ပြည်ပဈေးကွက်ကို အရည်အသွေးမီသီးနှံတွေ တင်ပို့နိုင်ဖို့အတွက် GAP လက်မှတ်တွေ ထုတ်ပေးနေပါတယ်။ ဒီလက်မှတ်ပေးဖို့ သီးနှံ ၁၅ မျိုး သတ်မှတ်ထားပေမယ့် ကျန်တဲ့သီးနှံတွေကိုပါ ပေးသွားမှာပါ။ လက်ရှိ GAP လက်မှတ် ထုတ်ပေးပြီးသား သီးနှံတွေကတော့ သရက်၊ ကော်ဖီ၊ နှမ်း၊ ပဲတီစိမ်း စတဲ့ သီးနှံတွေ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာလည်း လာရောက်လျှောက်ထားတဲ့အတွက် ကော်ဖီရယ်၊ စတော်ဘယ်ရီရယ်နဲ့ သရက်တွေကို ထပ်မံပေးသွားမှာပါ။ နောက်ထပ် ပေးဖို့ရည်ရွယ်ထားတာကတော့ ခါကျက်ဥ သီးနှံကိုလည်း GAP လက်မှတ်ပေးသွားဖို့အတွက် စီစဉ်ဆောင်ရွက်မှုတွေရှိနေပါတယ်။ အခုချိန်မှာ GAP လက်မှတ်ပေးဖို့အတွက်ကို စည်းရုံးပြီးတော့သွားနေရပါတယ်။ နောင်ဆိုရင်တော့ တောင်သူတွေကိုယ်တိုင် လိုလိုလားလားနဲ့ လာရောက်ပြီးတော့ လျောက်ထားစေချင်ပါတယ်" ဟု စိုက်ပျိုးရေးဦးစီးဌာန(မန္တလေး)မှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်လွင်လွင်ထွန်းက ပြောသည်။
တောင်သူများအနေဖြင့် GAP သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးသုံးစွဲမှုမှာလည်း တရားဝင်ခွင့်ပြုပြီး ထောက်ခံချက်ရှိသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများကိုသာ သင့်တင့်မျှတစွာသုံးစွဲပြီး စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ်တွင် တိုင်းဒေသကြီးအတွင်း GAP အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခဲ့မှုအနေဖြင့် မြို့နယ် ၁၁ မြို့နယ်တွင် သရက်ခြံ ၁၅ ခြံ၊ မြို့နယ်တစ်မြို့နယ်တွင် ကော်ဖီခြံ ၆ ခြံ၊ မြို့နယ် ၄ မြို့နယ်တွင် နှမ်းအတွက် ၂၁ ဦးနှင့် မြို့နယ် ၂ မြို့နယ်တွင် ပဲတီစိမ်းအတွက် ၃ ဦး စသည့်တို့ကို GAP လက်မှတ်များ အသီးသီး ထုတ်ပေးထားကြောင်း သိရသည်။
အောင်ဖြိုးကျော်


