မုံရွာ ၃၀ ဧပြီ
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်၍ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ စုပေါင်းအင်အားဖြင့် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးမြို့မှ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ဒေသစာရီကြွချီအပူဇော်ခံသည်။
စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်တို့အား ယနေ့နံနက်ပိုင်းက ပုဂံ-ညောင်ဦးမြို့- ပခုက္ကူမြို့- ရေစကြိုမြို့- ချောင်းဦးမြို့ လမ်းကြောင်းတစ်လျှောက် ပင့်ဆောင်ပူဇော်ခံရာ လမ်းတစ်လျောက်တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများက စည်ကားလှိုက်လှဲစွာဖြင့် ကြိုဆိုဖူးမြော်ကြပြီး စေတီတော်ကြီး တည်ထားကိုးကွယ်ရေး အလှူငွေများလှူဒါန်းကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဆင်ဖြူရှင်တံတားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ဇနီး ဒေါ်တင့်တင့်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့ဇနီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များက မုံရွာမြို့သို့ ကြိုဆိုပင့်ဆောင်ကြသည်။
စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့အား မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် ရွှေစည်းခုံစေတီတော်မြတ်ကြီး ရင်ငွေ့လှုံကာ ဒေသခံပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် နှစ်ရက်တာ ပူဇော်ခံထားရှိမည်ဖြစ်သည်။
မေ ၁ ရက်နေ့ ည ၇ နာရီအချိန်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ မုံရွာမြို့ မြို့တော်ခန်းမ၌ စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များ ပင့်ဆောင်ပူဇော်ခြင်းအထိမ်းအမှတ် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ တရားတော်ကို ဟောကြားချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- ဟန်လင်းနိုင်၊ ထွန်းကိုကို(ယင်းမာပင်)


