နေပြည်တော် ၃၀ ဧပြီ 

(၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂)နှစ်သင်တန်းဝင်ခွင့် လျှောက်လွှာစိစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သူနာပြုနှင့် သားဖွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို အထူးဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ သူနာပြုတက္ကသိုလ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင် သင်ကြားသင်ယူမှုများ ပိုမိုကောင်းမွန်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များနှင့် ပူးပေါင်း၍ သင်ရိုးညွှန်တမ်းများ ပြုပြင်မွမ်းမံခဲ့ပါကြောင်း။

သူနာပြု/ သားဖွားဝင်ခွင့် လျှောက်လွှာ စိစစ်ရွေးချယ်ရာတွင် စနစ်ကျမှန်ကန်စွာဖြင့်အမှန် တကယ် တက်ရောက်ခွင့်ရရှိသင့်သူများကို ရွေးချယ်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ခက်ခဲဝေးလံဒေသများတွင် နေထိုင်ပြီးသူနာပြု/ သားဖွားသင်တန်း တက်ရောက်ပြီးနောက် အဆိုပါဒေသများတွင် ပြန်လည်တာဝန်ထမ်းဆောင်မည့် သူများကိုလည်း ဝင်ခွင့်သတ်မှတ်ချက် လျော့ပေါ့ကာ ထည့်သွင်းရွေးချယ်ခေါ်ယူသွားမည် ဖြစ်ပါကြောင်း။

သူနာပြု/ သားဖွား ဝင်ခွင့်လျှောက်လွှာ စိစစ်ရွေးချယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်မှာလည်းများပြားသဖြင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ ထပ်မံထည့်သွင်းတို့ချဲ့ ဖွဲ့စည်းနိုင်ရန် ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုပါကြောင်း၊ ယခင်နှစ်များက စိစစ်ရွေးချယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံခဲ့သည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကိုအခြေခံ၍ ပိုမိုကောင်းမွန်ရေးဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်ဌေးဌေးလှိုင်က သူနာပြု/ သားဖွား ဝင်ခွင့်လျှောက်လွှာ စိစစ်ရွေးချယ်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက ဘက်စုံဝိုင်းဝန်းဆွေးနွေးကြသည်။

သူနာပြု/ သားဖွား ဝင်ခွင့်လျှောက်လွှာများကို (၂၀၁၉) ခုနှစ်၊ မေလဒုတိယအပတ်တွင် ခေါ်ယူနိုင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိသည်။ 

(သတင်းစဉ်)