နေပြည်တော် ၃၀ ဧပြီ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိ်ုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ  ၂၁ ရက်၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်း။

အထက်ပါ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပြီး အပစ်အခတ်ရပ်စဲရေး ကာလအတွင်း NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှလည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ ဆွေးနွေးကြရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော KIA ၊ TNLA နှင့် MNDAA တို့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အား လက်မှတ်ရေးထိုးနိ်ုင်သည်အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဆက်လက် ဆွေးနွေးဆောင်ရွက်နိုင်ရေး အပစ်အခတ်ရပ်စဲရေးကာလအား ထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုလာခဲ့ကြောင်း။

သို့ဖြစ်ပါ၍ တပ်မတော်အနေဖြင့် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက်အရ ထာဝရငြိမ်းချမ်းရေးရရှိစေရေး ဦးတည်လျက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်အား ပိုမိုထိရောက်စွာ ဆက်လက်ဆောင်ရွက်နိ်ုင်ရန် အထက်ဖော်ပြပါ တိုင်းစစ်ဌာနချုပ်နယ်မြေများ၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည်ဟု သတင်းထုတ်ပြန် ကြေညာအပ်ပါကြောင်း ဖော်ပြပါရှိသည်။

(သတင်းစဉ်)