မူဆယ် ၃၀ ဧပြီ
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စား လှယ်အဖွဲ့နှင့် KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့), MNTJP (မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ), PSLF (ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး) နှင့် ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) တို့သည် ယနေ့နံနက် ၉ နာရီက မူဆယ်မြို့ရှိ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းတွင် တွေ့ဆုံဆွေးနွေးကြသည်။
ရှေးဦးစွာ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က “ငြိမ်းချမ်းရေးကို လက်နက်ကိုင်ထားယုံနဲ့ ဖော်ဆောင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ရလဲမရနိုင်ပါဘူး။ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့်သာ ဖော်ဆောင်ဖို့လိုအပ်ပါတယ်။ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အပြစ်တင်နေခြင်း၊ ဝေဖန်နေခြင်း၊ ပြောဆိုနေခြင်းဖြင့် ပြဿနာ၏ အဖြေကို မရနိုင်ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်ပြီး အခြေအနေ အချိန်အခါနှင့် သင့်လျော်သည့်ကိစ္စများကို နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးရပါတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးနိုင်ရေးဟာ မိမိတို့က အစဉ်အမြဲ ကြိုးစားနေတဲ့ လမ်းစဉ်တစ်ခု ဖြစ်တယ်လို့ ပြောလိုပါတယ်။ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်ဖက်အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ပြီး လက်နက်ကိုင် ပဋိပက္ခများကို လျှော့ချသွားကြရမှာ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာ တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့သည်မှာ စိတ်မကောင်းစရာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို အဓိကခံစားရနေရတာ ကျွန်တော်တို့ရဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူများအတွက် အကျိုးစီးပွားကို ဖော်ဆောင်ပြီး ပြည်သူကောင်းကျိုးကို ဖော်ဆောင်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးဟာ ပြည်သူတွေရဲ့ အရေးကို ထည့်သွင်းစဉ်းစားကြဖို့ လိုအပ်ပါတယ်လို့ ကျွန်တော်အနေနဲ့ အဆိုပြုပြောကြားလိုပါတယ်။
"နိုင်ငံတော်ရဲ့အရေးဟာလည်း အားလုံးရဲ့အရေးဖြစ်ပါတယ်ဆိုတာကို ကျွန်တော်တို့ သတိချပ်ပြီး နိုင်ငံတော်ကြီးကို အတူတကွ အောင်မြင်အောင် ကြိုးပမ်းကြဖို့ အချိန်အခါရောက်လာပြီဆိုတာ ပြောလိုပါတယ်။
လက်နက်ကိုင် ပဋိပက္ခများရဲ့ဒဏ်ရာကြောင့် မိမိတို့ပြည်သူများ ဆင်းရဲဒုက္ခရောက်ပြီး ခေတ်နောက်ကျ ကျန်ခဲ့သည်ကို ကျွန်တော်တို့တတွေ သင်ခန်းစာယူသင့်ပါပြီ။ မိမိတို့၏ လိုလားချက်၊ တောင်းဆိုချက်များကို လက်နက်ကိုင်ဆောင်ပြီး တောင်းဆိုနေမဲ့အစား လက်နက်ကိုင်ဆောင်ပြီး ပယ်ချကြမဲ့အစား စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံညှိနှိုင်း အဖြေရှာကြဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျွန်တော်တို့ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားကြစို့လို့ တိုက်တွန်းလိုပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လွှတ်တော်အနေနဲ့ မိမိတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCA ကို ရှောင်လွှဲ၍ မရနိုင်ပါဘူး။ ဒါဟာလဲ သမိုင်းရဲ့လက်ဆင့်ကမ်းအမွေဖြစ်ပြီး မိမိတို့အားလုံးအတွက် ပေးထားချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြတဲ့ အဖွဲ့အစည်းများအနေနဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ NCA တံခါးပေါက်မှတစ်ဆင့် နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ပြီး မိမိတို့အားလုံး မျှော်မှန်းထားတဲ့ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို အချိန်အခါ အခြေအနေ ပေးထားချက်များနဲ့အညီ တဆင့်ပြီး တစ်ဆင့် ဇွဲနပဲနဲ့ ဖော်ဆောင်သွားကြ မယ်ဆိုတဲ့ သံန္နိဋ္ဌာန် ချမှတ်ပေးနိုင်ကြပါစေကြောင်း၊ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ယနေ့တွေ့ဆုံပွဲဖြစ်မြောက်အောင် ဦးဆောင်ကြိုးစားပေးပါသော KIO မှ ကိုယ်စားလှယ်များ PCG မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊အဖက်ဖက်မှ ပံ့ပိုးကူညီပေးသူများနှင့် ဆွေးနွေးပွဲကို အလေးအနက်ထား တက်ရောက်လာတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်များအားလုံးနဲ့ ငြိမ်းချမ်းရေးဖြစ်အောင် ပါဝင်ခဲ့ကြသူများကို ကျွန်တော်တို့ငြိမ်းချမ်းရေးကော်မရှင်က အားလုံးကို ကျေးဇူးတင်ရှိပါတယ်” ဟု နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ထို့နောက် KIO အထွေထွေအတွင်းရေးမှူး ဆလန်ကဘာထိန်နန်က NCA စာချုပ်လက်မှတ်ရေးထိုးထားခြင်း မရှိသည့် အဖွဲ့အစည်းများသည် နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး Bilateral ကို တင်ပြဆွေးနွေးခဲ့ကြောင်း၊ Bilateral အဆင့်သွားနိုင်ရေးကို နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိစေရန် အဓိကထား တင်ပြဆွေးနွေးလိုကြောင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး NRPC ၏ သဘောထားကို ဆွေးနွေးပေးရန်လိုလားကြောင်း၊ KIO အနေဖြင့် လိုလားသည့် စာချုပ်မူကြမ်းကိုလည်း PCG မှတစ်ဆင့် NRPC သို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ အဆိုပါစာချုပ်မူကြမ်းကို နှစ်ဦးနှစ်ဖက် လက်ခံသဘောတူညီမှုရရှိသည့်အထိ ဆွေးနွေးရန်လိုအပ်ကြောင်း၊ စာချုပ်မူကြမ်းအတွက် လိုအပ်ပါက တစ်ဖွဲ့ခြင်းဆွေးနွေးရမည်ဖြစ်ကြောင်း၊ KIO အနေဖြင့် မျှော်မှန်းထားသည့် လုပ်ငန်းစဉ်များမှာ Bilateral နှင့် IDPs များ မူလနေရပ်သို့ ပြန်နိုင်ရေးဖြစ်ပြီး အစိုးရနှင့် ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်သွားလိုကြောင်း၊ NCA ကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့်အထိ ဆွေးနွေးသွားလိုကြောင်း၊ ထိုသို့ဆွေးနွေးစဉ်ကာလအတွင်း တိုက်ပွဲများ ရပ်တန့်ရေးသည် အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် သဘောထားကြီးရန် လိုအပ်ပါကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင်တစ်ဖက် ယုံကြည်မှုကင်းမဲ့လာနိုင်ကြောင်း စသည့်ဖြင့် ပြောကြားသည်။
ယင်းနောက် MNTJ ၊ PSLF နှင့် ULA ကိုယ်စား ဦးဆောင်သူများက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ဆက်လက်ကျင်းပသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) စာချုပ်လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ ပါဝင်လာနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) ရရှိပါက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင် နေကြရသည့် (IDPs) များအတွက် ဆောင်ရွက်ရမည့် အကြောင်းအရာများ အပါအဝင် တစ်ပြိုင်နက်တည်း ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ကျင်းပပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးများတွင် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကိုဖိတ်ကြားမည့် အစီအစဉ်များ၊ NCA ရေးထိုးမည့် အဆင့်၊ NCA ရေးထိုးပြီးနောက် ဆက်လက်ဆောင်ရွက်ရမည့် အဆင့်လိုက် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement) မူကြမ်း အဆိုပြုချက်များအား ယခုကျင်းပသည့် အစည်းအဝေးတွင် ပေးပို့လာသည့်အတွက် နှစ်ဖက်စလုံးအနေဖြင့် အသေးစိတ် ဆွေးနွေး၍ မရကြောင်း၊ သို့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) တွင်ပါဝင်သည့် NCA စာချုပ် လက်မှတ်ရေးထိုးရန် ကတိကဝတ်၊ တပ်ပိုင်းဆိုင်ရာနေရာချထားရေး ကိစ္စရပ်များ၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွားမည့် ကိစ္စရပ်များ၊ တိုက်ပွဲများမဖြစ်ပွားစေရန် ဆောင်ရွက်မည့် နည်းလမ်းများ အပါအဝင်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်အဆိုပြု မူကြမ်းတွင် တိတိကျကျ ထည့်သွင်းရန် လိုအပ်သည့် အချက်များစသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် MNTJP ၊ ULA နှင့် PSLF တို့က အဆိုပြုချက်များကို ပေးအပ်ခဲ့ကြပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) အနေဖြင့် ပေးပို့လာသည့် အဆိုပြုမူကြမ်းများအပေါ် ပြင်ဆင်အဆိုပြုချက်များ ပြန်လည်ပေးပို့၍ နှစ်ဖက်ဆက်လက် ညှိနှိုင်းကြမည်ဖြစ်ကြောင်း၊ နှစ်ဖက်အဆိုပြုချက်များရရှိပါက မေလအတွင်း ပြန်လည်တွေ့ဆုံကာ အသေးစိတ်ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ တွေ့ဆုံမည်နေ့ရက်နှင့် နေရာတို့ကို နှစ်ဖက်ပြန်လည်ညှိနှိုင်းကြမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။
ယင်းနောက် ဆွေးနွေးမှုများနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။
ယနေ့ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးနှင့် အကျိုးဆောင်အဖြစ် ဦးသက်နိုင်တို့ တက်ရောက်ကြပြီး KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့) ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် KIO- အထွေထွေအတွင်းရေးမှူး ဆလန်ကဘာထိန်နန် ၊ MNTJP (မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ) ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် MNTJP- ပြင်ပဆက်ဆံရေးဌာနမှူး ဦးဝင်းနိုင်၊ ULA (ရခိုင် အမျိုးသားအဖွဲ့ချုပ်) ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် ULA- အထွေထွေ အတွင်းရေးမှူး ဒေါက်တာညိုထွန်းအောင်နှင့် PSLF (ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး) ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် PSLF- အထွေထွေ အတွင်းရေးမှူး) တာဘုန်းကျော် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လေ့လာသူများအဖြစ် UWSP (“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ)၊ SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ) နှင့် PCG (ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


