သတင်းဆောင်းပါး - ဒေါက်တာခင်မျိုးမြင့်ကြူ
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ကျောင်းစဖွင့်ချိန်မှစ၍ ပညာရေး ကောလိပ်များကို ပညာရေး ဒီဂရီကောလိပ်များ အဖြစ်ပြောင်းလဲဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကြားသိနေရသည်။ သို့ဆိုလျှင် ဤလုပ်ဆောင်ချက်သည် မှန်ကန်ပါရဲ့လား၊ ပညာရေးကောလိပ်အားလုံး ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်ရန် အဆင်သင့်ဖြစ်နေပြီလား စသည့်မေးခွန်းများ မေးစရာဖြစ်လာပါသည်။ အမှန်စင်စစ်ကောလိပ်အဆင့်မြှင့်တော့မည်ဆိုလျှင် မေးခွန်း ပေါင်းများစွာအတွက် အဖြေရှာပြီးဖြစ်နေ ရန် လိုအပ်ပါသည်။
ဥပမာအားဖြင့် ပညာရေးကောလိပ်အဆင့်မြှင့်တင်ရန် ကောလိပ်ဖွဲ့စည်းပုံအဆင်သင့်ဖြစ်နေပြီလား။ လိုအပ် သည့်ဆရာအင်အား အပြည့်အဝရရှိထားပြီလား။ ရရှိထားသည့် ဆရာများ အရည်အသွေး အာမခံချက်ရှိရဲ့လား။ အဆင့်မြင့်ပညာရေးအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များရှိ ဆရာများသည် အနည်းဆုံး မဟာဘွဲ့ရရှိထား ရမည်ဆိုသည့်မူဝါဒနှင့် ကိုက်ညီမှုရှိနိုင်ပါ့မလား။ မူလပညာရေး ကောလိပ်တွင် မဟာဘွဲ့မရသေးသည့်ဆရာများ ရှိနေခဲ့လျှင် မည်ကဲ့သို့ဖြေရှင်းပေးမည်နည်း။
သင်ရိုးပိုင်းနှင့်ပတ်သက်၍ လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ်သင်ရိုး အဆင်သင့်ဖြစ်နေပြီလား။ လေးနှစ်စာအားလုံးအတွက် မပြီးသေးသည့်တိုင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အကောင်အထည်ဖော်မည့် ပထမနှစ်သင်ရိုးအဆင်သင့်ဖြစ်ရဲ့လား။ ပထမနှစ်အတွက် သင်ရိုး ဝင်စာအုပ်များ ရိုက်နှိပ်ပြီးပြီလား။ သင်ကြား ပေးမည့်ဆရာများအတွက် သင်ရိုးသစ်ဆိုင်ရာ မွမ်းမံသင်တန်း များပေးရန် အစီအစဉ်များ ရေးဆွဲပြီးပြီလား။
သင်ကြားရေးအတွက် ဆွေးနွေးခန်းများအပါအဝင်စာသင်ဆောင်များ အဆင်သင့်ဖြစ်ရဲ့လား။ ကျောင်း တွေမှာ မှီငြမ်းစာအုပ်စာတမ်းများ အပြည့်အစုံပါဝင်သည့်အဆင့်မြင့်စာကြည့်တိုက် ပြင်ဆင်ပြီးပြီလား။ ဓာတ်ခွဲခန်းသုံး ပစ္စည်းများနှင့် ဓာတုပစ္စည်းများ အလုံအလောက်ရှိသည့် သိပ္ပံလက်တွေ့ခန်းများရော ပြင်ဆင်ပြီးပြီလား။
ဤမေးခွန်းများအတွက် ပြင်ဆင်ပြီးဖြစ်နေရန်အရေးကြီးပါသည်။ ထို့အပြင် အထက်ဖော်ပြပါ မေးခွန်း များထက် ပိုမိုအရေးကြီးသည့်မေးခွန်းတစ်ခု ရှိနေပါသေးသည်။ ထိုမေးခွန်းမှာ အခြေခံပညာကျောင်းများ တွင်လိုအပ် လျက်ရှိသည့် ဆရာအင်အားကို မည်သည့်နည်းဖြင့်ဖြေရှင်းပေးမည်နည်းဆိုသည့်မေးခွန်း ဖြစ်ပါသည်။
လက်ရှိမြန်မာနိုင်ငံတွင် ပညာရေးတက္ကသိုလ်(သို့မဟုတ်) ပညာရေးကောလိပ်ကျောင်းဆင်းများကို အခြေခံပညာကျောင်းများတွင် ထက်၊ လယ်၊ မူ ဆရာများ အဖြစ် ခန့်အပ်လျက်ရှိသည်။ အခြေခံပညာ မူလတန်းကျောင်း များတွင် ဆရာ၊ ကျောင်းသားအချိုးလျှော့ချရန် လိုအပ်ခြင်းနှင့် ကျောင်းအုပ် တစ်ယောက်၊ မူပြ လေးယောက်ခန့်ထားသည့်စနစ်ကို ကျင့်သုံးခြင်းတို့ကြောင့် ဆရာများ ဖြည့်စွက် ခန့်ထားခဲ့ရာ ပညာရေး ကောလိပ်ဆင်းဆရာ အင်အားလုံလောက်မှုမရှိသည့်အတွက် ဘွဲ့ရများအား နေ့စားလပေးဆရာများအဖြစ် ခန့်အပ်ခဲ့ရသည်။
၂၀၁၅ ခုနှစ် ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၏ စာရင်းအင်းအရ မြန်မာနိုင်ငံတွင် အခြေခံပညာမူလတန်းကျောင်းပေါင်း လေးသောင်းကျော်ရှိပြီး မူလတန်းကျောင်းသား ငါးသန်း ကျော်ရှိကာ မူလတန်း ဆရာပေါင်း တစ်သိန်းခွဲကျော် ရှိပါသည်။ မူလတန်းဆရာ တစ်သိန်းခွဲကျော် အနက် ပညာရေး ကောလိပ်ဆင်း ဆရာအရေအတွက်မှာ ခြောက်သောင်းခွဲဝန်းကျင်ရှိပြီး ကျန်ရှစ်သောင်းခွဲကျော်သော ဆရာများမှာ ဆရာအတတ်သင်လက်မှတ်မရရှိထားသော ဆရာများ ဖြစ်နေပါသည်။ တစ်ဖန် ပညာရေးဝန်ကြီး ဌာန၏ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြေညာစာအရ မူလတန်းကျောင်းတစ်ကျောင်းတွင်ကျောင်းအုပ် တစ်ယောက်၊ မူပြ ခြောက်ယောက်၊ ထွေလုပ်သား တစ်ယောက် ခန့်ထားခွင့်ပြုခဲ့ရာ ထိုအချိန်က နောက်ထပ် မူပြ တစ်သိန်းနှစ်သောင်းကျော် ထပ်မံခန့်ထား ရဦးမည်ဖြစ်သည်။ ဤမျှများပြားသော အရေအတွက်ကို ပညာရေးကောလိပ်များမှ အချိန်မီမွေးထုတ် မပေးနိုင်လျှင် ဆရာအတတ်ပညာလက်မှတ်မဲ့များကို ထပ်မံခန့်ထားရဦး မည်ဖြစ်၍ ဆရာအတတ်ပညာ လက်မှတ်မဲ့မူပြဆရာ ရာခိုင်နှုန်းမြင့်တက်လာဦးမည် ဖြစ်သည်။
လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်ဖြစ်သွားမည်ဆိုပါက ဆရာတစ်ယောက်ဖြစ်လာအောင် လေ့ကျင့် သင်ကြားပေးရန် အချိန်လေးနှစ်တာကာလ လိုအပ်တော့မည်ဖြစ်သည်။ အခြေခံပညာအတွက် ဆရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လေးနှစ်စောင့်နိုင်ပါမည်လား၊ မစောင့်နိုင်လျှင် ဤပြဿနာကို မည်သို့ဖြေရှင်းပေးနိုင်မည်နည်း။ စာပေပညာဘွဲ့ရများကို နေ့စားလပေးထပ်ခန့်ဦးမည်လား။ ဤသို့ ဆိုလျှင် အခြေခံပညာကဏ္ဍတွင် ဆရာ အတတ်သင် လက်မှတ်မရှိသူရာ ခိုင်နှုန်း တိုးလာမည်ဖြစ်၍ မုန့်လုံးစက္ကူကပ်သံသရာမှ မည်သို့ ရုန်းထွက်နိုင်မည်နည်း။
အဆိုပါ ဆရာအတတ်ပညာလက်မှတ်မရှိသူ ဆရာ များအတွက် လုပ်ငန်းခွင်သင် တန်းများမည်သို့ စီစဉ်ပေး နိုင်မည်နည်း။ ပညာရေးဒီဂရီကောလိပ်များမှ လုပ်ငန်းခွင်ဆရာဖြစ်သင်တန်းများ ဆက်လက် ဖွင့်လှစ်ပေးနိုင်ပါ မည်လား။ နှစ်နှစ်အတွင်း ဆရာမွေးထုတ်ပေးနေသည့်ဆရာ အတတ်သင်လက်မှတ် ဒီပလိုမာသင်တန်းများရော ဆက်လက်ဖွင့်လှစ်ပေးနိုင်ပါဦးမည်လား။ ဤသို့ဆိုပါက ပညာရေး ဒီဂရီကောလိပ်များတွင် ဆရာအင်အား လုံလောက်အောင် မည်သို့စီစဉ်မည်နည်း။ တစ်ဖန် နှစ်နှစ် သင်တန်းဆင်းဒီပလိုမာများဘဝ ဆက်လက်မြင့်မားရေးအတွက် မည်သည့်အစီမံများ ဆောင်ရွက်ပေး မည်နည်း။ ပညာရေးကောလိပ်အားလုံး အဆင့်မြှင့်တင်ရန်အဆင်သင့်မဖြစ်သေးပါက မည်သည့် ကောလိပ်များ အဆင်သင့်ဖြစ်နေကြပြီနည်း၊ ကျောင်းပေါင်းအရေအတွက် မည်မျှအဆင့်မြှင့် တင်နိုင်မည်နည်း။
အထက်ဖော်ပြပါမေးခွန်းအားလုံးအတွက် အဖြေများ အဆင်သင့်ရှိနေပြီဟု ယုံကြည်လိုပါသည်။ အဆင့်မြှင့် တင်လိုက်သော ဒီဂရီကောလိပ်များအားလုံး အရည်အသွေးမြင့်မားစေလိုသောဆန္ဒသာလျှင် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသောပညာရေးသည် ပဓာနကျသကဲ့သို့ ထိုပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆရာများသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အရည်အသွေးပြည့်ဝသောဆရာများက သာလျှင် အရည်အသွေးပြည့်ဝသော ပညာရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည့်အတွက် ပညာရေးမူဝါဒချမှတ်သူများ၊ အဆုံးအဖြတ်ပေးမည့်သူများ အနေဖြင့် ဆရာအတတ်ပညာရေးကို အလေးအနက်ထား စဉ်းစားဆုံးဖြတ်ပေးနိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ ။


