ကန့်ဘလူ ၁ မေ
ပူပြင်းခြောက်သွေ့သော နွေရာသီကာလတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မယ်ဇတောကျေးရွာ၌ ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေကြောင်း သိရသဖြင့် မြို့နယ်မီးသတ်ဦးဌာနနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုဖြင့် ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲက မီးသတ်ကား ရေသယ်ယာဉ်နှစ်စီး၊ လိုက်ထရပ်ကား ခြောက်စီးတို့ဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာတွင် ကျေးရွာပြည်သူများ လာရောက်ရေသယ်ယူရာ၌ အဆင်ပြေစေရေးအတွက် စုရပ်များသတ်မှတ်၍ ကားများဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ မြို့ပေါ်ရှိ ပရဟိတဝါသနာပါသူ လူငယ်များစုပေါင်းကာ လိုက်လံဖြန့်ဝေပေးခြင်း ဖြစ်သည်။
သောက်သုံးရေလှူဒါန်းမှုနှင့် ပတ်သက်၍ "ကျွန်တော်တို့ဒီရွာမှာ သောက်သုံးရေ အခက်အခဲဖြစ်နေလို့ သိရတဲ့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ငန်းရှင်တွေဆီ အကူအညီတောင်းအလှူခံပြီး လှူဒါန်းပေးခြင်းဖြစ်ပါတယ်။ သုံးရေ ဂါလံ ၁၆၀ဝ၊ ၂၀ လီတာဝင် ရေသန့်ဗူး ၃၅၀ ကို ကျေးရွာပြည်သူတွေအပြင် ကျေးလက်ကျန်းမာရေးဌာန၊ ဘုန်းတော်ကြီးကျောင်းတို့ကိုပါ လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ရေမောင်းတင်ဖို့ ဆီဖိုး ငွေကျပ် ၅၀ဝ၀ဝ ကိုလည်း ကျေးရွာလူငယ်အသင်းထံ ပေးအပ်လှူဒါန်းခဲ့ပါတယ်" ဟု သောက်သုံးရေလှူဒါန်းရေး အဖွဲ့ခေါင်းဆောင် ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝိုင်း(ခ)ကျော်နိုင်ထွန်းက ပြောပြသည်။
မယ်ဇတောကျေးရွာသည် အိမ်ခြေ ၃၀ဝ ခန့်ရှိပြီး ကျေးရွာ၌တွင်းဗြဲ (အဝကျယ်တွင်း) ခြောက်တွင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျေးရွာပြည်သူ စုပေါင်း၍ အဝီစိတွင်း တူးဖော်ထားသော်လည်း နွေရာသီရောက်တိုင်း ရေခန်းခြောက်မှုတို့ကြောင့် သောက်သုံးရေ အခက်အခဲဖြစ်ကြရသည်။ အဝီစိတွင်းမှလည်း ရေအနည်းငယ်သာထွက်ရှိ၍ ယခုလို သောက်သုံးရေများ လာရောက်လှူဒါန်းပေးခြင်းကြောင့် ကျေးရွာနေပြည်သူများမှလည်း ကျေးဇူးတင် ဝမ်းသာနေကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


