သထုံ ၁ မေ
မွန်ပြည်နယ် သထုံမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် သထုံမြို့လယ်ခေါင်ရှိ သုဝဏ္ဏဈေးနှင့် မြို့မဈေးဝန်းကျင်၌ တစ်လမ်းမောင်းစနစ် ကျင့်သုံးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သထုံခရိုင် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက တစ်လမ်းမောင်းစနစ် ကျင့်သုံးမည့် လမ်းများကို လိုက်လံစစ်ဆေး၍ ပညာပေးတားမြစ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး သထုံမြို့၏ နာရီစင်အနီး၌ အသိပေး လမ်းညွှန်မြေပုံ မြေစိုက်ပိုစတာကို စိုက်ထူပေးခဲ့သည်။
သထုံမြို့အတွင်း အသုံးပြုမှုများပြီး ယာဉ်ကြောရှုပ်ထွေးသည့် သုဝဏ္ဏဈေးနှင့် မြို့မဈေးကြီးဝန်းကျင်ရှိ လမ်းများ၊ အလယ်တန်းလမ်း၊ ဈေးအနောက်လမ်း၊ ရွှေစာရံဘုရားလမ်းတို့အား သတ်မှတ်ထားသည့်အတိုင်း တစ်လမ်းမောင်းစနစ် ကျင့်သုံးခြင်းကို ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကာ စည်းကမ်းဖောက်ဖျက်သူများကို အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဦး(သထုံ)


