ကြို့ပင်ကောက် ၁ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ဘန်းဘွေးကုန်းကျေးရွာတွင် နွေရာသီကာလအတွင်း သောက်သုံးရေ အခက်အခဲ မဖြစ်ပေါ်စေရန်နှင့် သန့်ရှင်းသော သောက်သုံးရေများ ရရှိသုံးစွဲနိုင်ရန် ရည်ရွယ်၍ မေ ၁ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် ဘန်းဘွေးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ရေကန်အတွင်းမှ ရေများကို စုပ်ယူသန့်စင်ပြီး ကျေးလက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွေ့လျားရေးသန့်စင်ယာဉ်ဖြင့် ရေသန့်ဖြန့်ဝေပေးခြင်းကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုး၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်လင်းတို့က ဦးဆောင်၍ ဘန်းဘွေးကုန်းကျေးရွာနှင့် ချောင်းနားကျေးရွာတို့မှ ကျေးလက်နေပြည်သူ ၁၀ဝ၀ ခန့်ကို တစ်နာရီလျှင် ဂါလံ ၇၄၀ နှုန်းရရှိသော ရေသန့်စင်ယာဉ်ဖြင့် (၈) နာရီကြာ သောက်သုံးရေသန့်များ ဖြန့်ဝေပေးခဲ့ကြေသည်။
ဘန်းဘွေးကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်လင်းက ယခုလို သောက်ရေအခက်အခဲ ဖြစ်ပေါ်နေတဲ့အချိန်မှာ ပြည်သူတွေ ကြုံရာရေများကို သုံးစွဲမှုမဖြစ်အောင် ရေသန့်စင်ကားနဲ့ ရေသန့်စင်ပြီး ဖြန့်ဝေပေးလို့ ရွာသားများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


