နောင်တရား ၁ မေ
ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နှင်းနည်းနှင့် အာလူးစိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပေါ့အင်ကျေးရွာအုပ်စု ထီရယ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ဆွေဆွေမာက GAP အကြောင်းကို လည်းကောင်း၊ နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာက ငမြှောင်တောင်(FAW) ကာကွယ်နှိမ်နှင်းရေး နည်းပညာများကိုလည်းကောင်း၊ ဟဲဟိုးမျိုးပွားခြံမှ ခြံဦးစီးမှူး ဦးညီညီအောင်က အာလူးစိုက်ပျိုးရေး နည်းပညာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများက ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နှင်းနည်းနှင့် စိုက်ပျိုးရေးနည်းပညာများ၌ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး တာဝန်ရှိသူများက ဖြေကြားဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် စိုက်ပျိုးရေးပညာရှင်များ၊ ပင်လောင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)


