ဂန့်ဂေါ ၁ မေ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် မကွေးခရိုင်အတွင်းရှိ ကျေးရွာ(၁၂)၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ဂန့်ဂေါခရိုင်အတွင်း မြို့နယ်(၃)မြို့နယ်ရှိရာ လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်နေသည့် ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်မှအပ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း(၁၂၀)၊ ပြည်သူထည့်ဝင်ငွေကျပ် ၃၉ ဒသမ ၈၉ သန်း စုစုပေါင်းငွေကျပ် ၁၅၉ ဒသမ ၈၉ သန်းဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်းရှစ်ခု၊ ကျေးရွာရေပေးရေး လုပ်ငန်းတစ်ခု၊ စာသင်ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်းတစ်ခု၊ ကျေးရွာစာကြည့်တိုက် တည်ဆောက်ခြင်း လုပ်ငန်းနှစ်ခု စုစုပေါင်းလုပ်ငန်း(၁၂)ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင် ပြောပြချက်အရ သိရသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ဂန့်ဂေါခရိုင်အတွင်း ၂၀၁၈ ခု မီနီဘတ်ဂျက်ကလည်း ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းသုံးခုအား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း(၃၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၇ သန်း စုစုပေါင်း ငွေကျပ် ၃၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သန်းလွင်


