ရန်ကုန် ၁ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းအတွင်း လူစည်ကားရာ မြို့နယ်အချို့ရှိ လမ်းဆုံလမ်းဝများတွင် အများပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်အလက် အကြောင်းအရာများကို သိရှိလိုက်နာကြစေခြင်းငှာ အသိပညာပေး လှုံ့ဆော်ဗီနိုင်းပိုစတာ ဆိုင်းဘုတ်များဖြင့် စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဆိုင်းဘုတ်များသည် ဧပြီ ၂၃ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ထန်းတပင်မြို့နယ် မြို့အဝင်ဆိုင်းဘုတ်အနီးတွင် မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်(၁)တစ်ခု၊ တွံတေးမြို့နယ် မြို့အဝင်ဆိုင်းဘုတ်အနီးတွင် မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်(၁)ခု၊ ကော့မှူးမြို့နယ် မြို့အဝင်ဆိုင်းဘုတ်အနီးတွင် မီးဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်(၁)ခုနှင့် ကွမ်းခြံကုန်းမြို့နယ် မြို့အဝင်ဆိုင်းဘုတ်အနီးတွင် မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်(၁)ခု၊ ဧပြီ ၂၄ ရက်တွင် မှော်ဘီမြို့နယ် မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ရေဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်(၁)ခုနှင့် လှည်းကူးမြို့နယ် မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ရေဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်(၁)ခု၊ ဧပြီ ၂၆ ရက်တွင် ကျောက်တန်းမြို့နယ် လမ်းဆုံနေရာတွင် ရေဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်(၁)ခုနှင့် သန်လျင်မြို့နယ် ဈေးအဝင်၊ စည်ပင်ဝင်းထောင့်နေရာတွင် ငလျင်ဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်(၁)ခုတို့အား စိုက်ထူခဲ့ပြီးဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန(ရန်ကုန်)မှ သိရသည်။
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးဝင်းရွှေက "ကျွန်တော်တို့ဝန်ကြီးဌာနနဲ့ တိုင်းအစိုးရအဖွဲ့တို့ လမ်းညွှန်မှုနဲ့ တိုင်းအတွင်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ၊ စာသင်ကျောင်းတွေမှာ သဘာဝဘေးလျှော့ပါးရေးအတွက် သဘာဝဘေးအန္တရာယ်များနဲ့ ပတ်သက်လို့ စေတနာဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းတွေ၊ ဟောပြောပွဲတွေ၊ ပြည်သူအများပါဝင်တဲ့ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုတွေ သက်ဆိုင်ရာ အစိုးရဌာန လူမှုရေးအသင်းအဖွဲ့ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ခုကတော့ မြို့အဝင်လမ်းဆုံလမ်းခွ လူများအသွားအလာများတဲ့ နေရာတွေမှာ သဘာဝဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် အချက်အလက်များရဲ့ အခြေခံသဘောတရားတွေကို လွယ်လွယ်ကူကူ သိရှိနိုင်အောင်လို့ ဗီနိုင်းပိုစတာ ဆိုင်းဘုတ်တွေနဲ့ ပြသထားတာပါ၊ အလွယ်တကူနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင်လို့ပါ"ဟု ပြောသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)


