ငွေဆောင် ၁ မေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့တွင် ၂၀၁၉ ခုနှစ် ဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပုလဲငွေဆောင် ဟိုတယ်၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ လူရည်ချွန်မောင်မယ်များက "ဘက်စုံထူးချွန် လူရည်ချွန်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးတွင် ထူးမြတ်သည့် အခွင့်အရေးတစ်ရပ်ကို ကျင်းပခွင့်ရပြီး သာယာလှပသော မိမိတို့ဒေသ၏ ငွေဆောင်ပင်လယ်ကမ်းခြေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ဒသမတန်း လူရည်ချွန်မောင်မယ်များအတွက် စခန်းတစ်ခုကို ဖွင့်လှစ်ပေးသည့် ပညာရေးဝန်ကြီးဌာနကို များစွာကျေးဇူးတင်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရသစ်လက်ထက်မှာ အကျင့်စာရိတ္တကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်၍ အဖက်ဖက်က ထူးချွန်သော လူငယ်မောင်မယ်တို့ကို ရွေးချယ်ပြီး ချီးမြှင့်ဂုဏ်ပြုသည့် အစီအစဉ်တစ်ရပ်ကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သတ္တမအကြိမ် လက်ခံဆောင်ရွက်ခွင့်ရသည့်အတွက် အထူးတလည် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ လူရည်ချွန်မောင်မယ်များ ငွေဆောင်စခန်းတွင် စခန်းချနေထိုင်စဉ် ကိုယ်ကာယလေ့ကျင့်ခန်းများ၊ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ စာပေဗဟုသုတများ နှီးနှောဆွေးနွေးကြခြင်း၊ ပတ်ဝန်းကျင်ပြည်သူ့ဘဝ လေ့လာရေးနှင့် ဒေသထွက်ကုန် လုပ်ငန်များကို လေ့လာခြင်း၊ အထည်ချုပ်စက်ရုံနှင့် ပုသိမ်ဟာလဝါ၊ ပုသိမ်ထီး စသည့်လုပ်ငန်းတို့ကို လေ့လာခြင်း၊ ငွေဆောင်ဟိုတယ်ဇုန် ဟိုတယ်ကြီးများ လေ့လာရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ နိုင်ငံတော်အနေဖြင့် ယခုလို ဘက်စုံထူးချွန်ကြသော လူရည်ချွန်မောင်မယ်များကို စိစစ်ရွေးချယ်ပြီး ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ် ယခင်အစိုးရ အဆက်ဆက် ဆောင်ရွက်ခဲ့ကြသည့်နည်းတူ ပြန်လည်ပေါ်ပေါက်လာသည့် လူငယ်များအား ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ် (သတ္တမ)အကြိမ်ကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သစ် အနေဖြင့် တစ်ထောင့်တစ်ကဏ္ဍမှ ပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မဆုံး ဖြစ်ရပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပညာရေးလုပ်ငန်များ၊ JICA နှင့် ပူပေါင်းဆောင်ရွက်နေမှုများ၊ အာရှဖွံ့ရေးဘဏ်နှင် ရှေ့ဆက်လုပ်ဆောင်မည့် ပညာရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များကို လူရည်ချွန်တံဆိပ်များကို ချီးမြှင့်သည်။ ဆက်လက်၍ လူရည်ချွန်စခန်း(ငွေဆောင်) စခန်းမှူး တိုင်းပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက စခန်းဖွင့်ပွဲအမှတ်တရ မော်ကွန်းတံဆိပ်ကို လည်းကောင်း၊ လူရည်ချွန်ကြီးများ (၁၉၆၄-၁၉၈၈) က အမှတ်တရတံဆိပ်ကိုလည်းကောင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်ကို ပေးအပ်သည်။
ယင်းနောက် လူရည်ချွန်စခန်း(ငွေဆောင်) စခန်းမှူး ဦးကျော်ဝင်းက စခန်းဖွင့်ပွဲအမှတ်တရ မော်ကွန်းတံဆိပ်ကို လူရည်ချွန်စီမံကိန်း ဗဟိုကော်မတီ အတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ပေးအပ်သည်။ ၎င်းနောက် လူရည်ချွန်မောင်မယ်များကိုယ်စား ၃ ထပ်ကွမ်းလူရည်ချွန် မချိုချိုနှင်းအောင်က ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသားလေးတစ်ဦးက "ကျွန်တော့်ရည်မှန်းချက်" သီချင်းဖြင့်လည်းကောင်း၊ လူရည်ချွန်မောင်မယ်များက "စခန်းနွေမွန်လူရည်ချွန်" သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပြီး စခန်းဖွင့်ပွဲ အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအပြီးတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များနှင့်အတူ နေ့လယ်စာ ဂုဏ်ပြုသုံးဆောင်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ (၁၉၆၄-၁၉၈၈) လူရည်ချွန်ဟောင်းကြီးများ၊ မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့(ANGL)၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကြီးကြပ်ဆရာ/မများနှင့် လူရည်ချွန်မောင်မယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


