ဘားအံ ၁ မေ
ကရင်ပြည်နယ် ဘားအံမြို့တွင် ဘားအံအိုးပင်း အလွတ်တန်း ဖိတ်ခေါ်စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကန်သာဦးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး တက်ရောက် အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်ကိုယ်စား WOW SPORTS ကုမ္ပဏီမှ ဦးဇာနည်ဦးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ ပေးအပ်သော အားကစားပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ရာ ကရင်ပြည်နယ် စားပွဲတင်တင်းနစ်ဆပ်ကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ သထုံ စသည့်မြို့များမှ စားပွဲတင်တင်းနစ် အားကစားသမား စုစုပေါင်း ၂၄ သင်း ပါဝင်ကာ မေ ၁ ရက်မှ ၃ ရက်ထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


