တာချီလိတ် ၁  မေ


(၉၅)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးကို ဧပြီ ၃၀ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

 

1


အစည်းအဝေးတွင် နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီဥက္ကဋ္ဌများက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့အကြား ဖြတ်သန်းစီးဆင်းနေသည့် မယ်ဆိုင်-မယ်ဟောက် ချောင်းဘေးတွင် မြန်မာနိုင်ငံဘက်မှ မြေထိန်းနံရံ တည်ဆောက်နေမှု၊ ထိုင်းနိုင်ငံဘက်မှ ရေသွယ်မြောင်းများပြုပြင်၍ ရေရယူနေမှု၊ နှစ်နိုင်ငံမှ ချောင်းဘေးတစ်လျှောက် နေထိုင်သူများက အဆောက်အဦများအား ချောင်းအတွင်းဘက် ကျူးကျော်တည်ဆောက်နေမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် နှစ်စဉ် တောင်ယာမီးရှို့ခြင်းကြောင့် မီးခိုးမြူ ထူထပ်စွာ ကျရောက်သဖြင့် လေထုညစ်ညမ်းမှုဖြစ်ပွား၍ တောင်ယာမီးရှို့မှုများအား ထိန်းသိမ်းပေးရေး၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရေးကိစ္စနှင့် နှစ်နိုင်ငံ တရားခံပြေးများ အပြန်အလှန် ဖမ်းဆီးပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ 

 

2

 


အဆိုပါ နယ်ခြားကော်မတီ အစည်းအဝေးကို နှစ်နိုင်ငံ အလှည့်ကျ ကျင်းပခြင်းဖြစ်ရာ (၉၅)ကြိမ်မြောက် အစည်းအဝေးအား မြန်မာနိုင်ငံ၊ တာချီလိတ်မြို့တွင် ကျင်းပခြင်းဖြစ်ပြီး ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံမှ တာချီလိတ်မြို့နယ် နယ်ခြားကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်အောင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် နယ်ခြားကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ချားတရီးစငွန်းထမ်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များနှင့် နှစ်နိုင်ငံ လေ့လာသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


ဖြိုးလေး(တာချီလိတ်) 

 

1