မုံရွာ  ၁ မေ  

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားနေရာသစ်အဖြစ် ကနီမြို့နယ်ရှိ စဖိုကြီးရေတံခွန်နေရာအား ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်အပန်းဖြေနိုင်စရာ နေရာသစ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

စဖိုကြီးရေတံခွန်သည် အလွန်မြင့်မားသော ကျောက်တောင် ကျောက်ဆောင်ကြီးများကြားမှ ရေများစီးကျလာသည့် အမြင့်ပေ ၁၂၀ ခန့်ရှိ သုံးထပ်ဆင့်ရေတံခွန်ဖြစ်ပြီး ရေတံခွန်ဘေးပတ်လည်တွင် ကျောက်ဖျာ ကျောက်လွှာ ကျောက်တုံး ကျောက်ဆောင် ကျောက်ကမ်းပါးယံမျိုးစုံနှင့်အတူ သဲချောင်းငယ်လေးများကို ကြည်နူးဖွယ်တွေ့ရမည်ဖြစ်သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှုး ဦးအောင်သူက "စဖိုကြီးရေတံခွန် အနေအထားက မုံရွာမြို့နဲ့ အနီးကပ်ဆုံး ရေတံခွန်လို့ ပြောရမှာပေါ့၊ မုံရွာနဲ့ ၃၇ မိုင်လောက်ဝေးတယ်။ မုံရွာကနေ ကနီအထိ လမ်းကောင်းတယ်၊ မဲဒင်ကျေးရွာက ကျောက်ခင်းလမ်းပိုင်း အဲမဲဒင်ကျေးရွာကနေ စဖိုကြီးရေတံခွန်က နှစ်မိုင်လောက် ဆက်သွားရသေးတယ်။ အဲအထိရောက်ဖို့ ပထမဆုံး လမ်းပန်းဆက်သွယ်မှု ကောင်းအောင်လုပ်ရမယ်။ အဲအတွက် ဧပြီ ၂၀ ရက်က  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတို့မှ တာဝန်ရှိသူများ လိုက်ပါလျက် ကနီမြို့နယ်၊ စဖိုကြီးကျေးရွာ အနီးရှိ ရေတံခွန် စီးဆင်းနေမှုအား ကွင်းဆင်းကြည့်ရှု၍ ခရီးသွားပြည်သူများ လာရောက်အပန်းဖြေနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါတယ်။ အရင်ဆုံး လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် စီမံမှာပေါ့၊ ပထမဦးဆုံး လမ်းကောင်းဖို့ လိုတယ်လေ၊ လမ်းပိုင်းပြုပြင်ဖို့အတွက် စီမံတော့မယ်။ အခုလောလောဆယ်က သိတဲ့ဒေသခံတွေ၊ ဝန်ထမ်းမိသားစုတွေ သွားရောက် အပန်းဖြေအနားယူကြတယ်''ဟု ၎င်းကပြောသည်။

 

စဖိုကြီးရေတံခွန်သို့ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်အပန်းဖြေနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကို အရင်ကောင်းမွန်အောင် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရန်အတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ထပ်မံ၍ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စဖိုကြီးရေတံခွန်သည် ကနီမြို့နယ်၊ မဲဒင်ကျေးရွာအုပ်စု၊ စဖိုကြီးကျေးရွာတွင် တည်ရှိကာ မုံရွာ- ယာကြီး- ကလေးဝ ကားလမ်းအတိုင်း သွားရမည်ဖြစ်ပြီး ထိုရေတံခွန်မှ တစ်ဆက်တည်း တွင်းမအင်းသို့ သွားရောက်လေ့လာနိုင်ကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)  

 

1