ရန်ကုန် ၁ မေ
အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားသည်ဟုသိရပါက လိုအပ်သော စစ်ဆေးမှုများဖြစ်သည့် အစာအိမ်မှန်ပြောင်း ကြည့်ရှုခြင်း၊ အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း၊ အစာအိမ်ကိုပိုးရှိ-မရှိစစ်ဆေးခြင်းတို့ဖြင့် ကင်ဆာ ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ကြောင်း၊ စောစီးစွာဆေးကုသမှုခံယူပါက လူနာများ၏ အသက်ရှင်နှုန်းပိုမိုများကြောင်းရန်ကုန်ပြည်သူ့ ဆေးရုံကြီး အစာအိမ်နှင့် အူလမ်းကြောင်းဌာန ပါမောက္ခဌာနမှူးပါမောက္ခ ဒေါက်တာ ဦးသိန်းမြင့်က ပြောကြားသည်။
မေ ၂၉ ရက်တွင် ကျရောက်သော (၆၁) ကြိမ်မြောက် ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI မင်္ဂလာခန်းမ၌ကျင်းပရာ ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းနေ့ ဆောင်ပုဒ်မှာ "အစာအိမ် အူလမ်းကြောင်းရောဂါ ကင်ဆာစောစောရှာဖွေ ကုသပါ" ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ ဖြစ်ပွားမှုအများဆုံးမှာ အမျိုးသားများတွင် အစာအိမ်ကင်ဆာ၊ အသည်း ကင်ဆာ၊ အစာမျိုပြွန် ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အဆုပ်ကင်ဆာတို့ အများဆုံး ဖြစ်ပွားကြပြီး အမျိုးသမီးများတွင် အဆုပ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် အသည်းကင်ဆာတို့ အဖြစ်များကြကြောင်း အဆိုပါဟောပြောပွဲမှ သိရသည်။
"စောစောသိရင် ကင်ဆာရောဂါကိုအများကြီးကြိုတင်ကာကွယ်နိုင်ပါတယ်။ လူနာတွေအသက်ရှင်ဖို့ ရာခိုင်နှုန်းကပိုများပါတယ်၊ နောက်ကျမှ သိတဲ့လူနာတွေ အတွက် ကုသရာမှာ အလွန်ကိုခက်ခဲပါတယ်။” ဟုပါမောက္ခ ဒေါက်တာသိန်းမြင့်က ပြောသည်။
ဟောပြောပွဲတွင် အစာအိမ်နှင့်အူလမ်းကြောင်းရောဂါထဲတွင် အဖြစ်များကြသည့် အစာမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် ပိုမိုဖြစ်စေနိုင်သောအကြောင်းအရာများ၊ အစာအိမ်ပိုးကာကွယ်ခြင်း၊ အစာအိမ်မှန်ပြောင်း ကြည့်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် နောက်ဆက်တွဲအန္တရာယ်၊ အူမကြီးကင်ဆာနှင့် ပိုမိုဖြစ်ပွားနိုင်သောအချက်များနှင့် အူမကြီးကင်ဆာကိုစစ်ဆေးနိုင်သည့် နည်းလမ်းများစသည်တို့ကို အဓိကပညာပေး ဟောပြောခဲ့သည်။
ကင်ဆာရောဂါဟုသိလျှင် ရောဂါကိုလက်ခံနိုင်အောင် ကြိုးစားခြင်း၊ စိုးရိမ်စိတ် မများခြင်း၊ လူနာနှင့် မိသားစုသေချာစွာတိုင်ပင်ခြင်း၊ နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်ကုသခြင်း၊ ဆေးမြီးတိုနှင့် ပတ်ဝန်းကျင်မှ အကြံပေးသောတစ်ပွဲထိုး ကုသနည်းများကို ရှောင်ကြဉ်ခြင်းများကို အဆိုပါဟောပြောပွဲတွင် ပညာပေးဟောပြောခဲ့သည်။
ထို့အပြင် မှိုတက်သောအစားအစာများရှောင်ကြဉ်ခြင်း၊ အသီးအနှံ ဟင်းသီး ဟင်းရွက်များကိုများများစားသုံးခြင်း၊ နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အငန်နှင့်အဆီ လျှော့စားခြင်း၊ တာရှည်ခံအစားအစာများ၊ ဆေးလိပ်နှင့် ကွမ်းယာတို့ကိုရှောင်ကြဉ်ခြင်း၊ မီးကင်ထားသောအစားအစာများကို လျှော့စားခြင်းနှင့် ဆိုးဆေးပါသောအစားအစာများ ရှောင်ကြဉ်ခြင်း၊ အနီရောင်ရှိသော အသားများကို လျှော့စားခြင်းနှင့် ငါးများများစားသုံး ခြင်းတို့ကို လိုက်နာရမည်ဖြစ်ကြောင်းသိရသည်။
သတင်း - မြတ်စန္ဒီ
ဓာတ်ပုံ - ရဲထွဋ်


