ညောင်ရွှေ ၁ မေ
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားကို ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယနေ့ နံနက် ၈ နာရီတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားတွင် ၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်မော်ထွန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုုင်းလုံးဆိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းနှင့် အင်းလေး ခေါင်တိုင်လူရည်ချွန်အပန်းဖြေစခန်းမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးဟန်ဇော်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းအား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လူရည်ချွန်ကျောင်းသားများကိုယ်စား ကျောင်းသားတစ်ဦးအား ရင်ထိုးတံဆိပ်တပ် ဆင်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးများက အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းရှိ လူရည်ချွန်လူငယ်မောင်မယ်များအား ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား လူရည်ချွန်စခန်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင် ပစ္စည်းများကို လူရည်ချွန်စခန်းမှူးနှင့် ၁၉၆၄-၈၈ လူရည်ချွန်ကြီးများက ပေးအပ်ခဲ့ကြသည်။
ဖွင့်ပွဲအပြီးတွင် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် လူရည်ချွန်စခန်းဖွင့်ပွဲအထိမ်းအမှတ် ပြသထားသော ဌာနဆိုင်ရာပြခန်းများအား ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် လူရည်ချွန်ကျောင်းသား ကျောင်းသူများအချင်းချင်း ဒေသန္တရ ဗဟုသုတများ ဆွေးနွေးဖလှယ်ခြင်းတို့ ဆောင်ရွက်ကြပြီး မေ ၂ ရက် နံနက်တွင် နာမည်ကျော် အင်းလေးကန်အတွင်း လှည့်လည်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
ဇင်ဦး(မြန်မာ့အလင်း)၊
ဓာတ်ပုံ - သီဟစည်သူ


