နေပြည်တော် ၁ မေ
တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်ပြီးစီးသော ရှမ်းပြည်နယ်(တောင်ပိုင်း) မိတ္ထီလာ-ကလော-တောင်ကြီးလမ်းပိုင်း၏ ကလော-တောင်ကြီး အပိုင်း (၄၈) ပေ (၄)လမ်းသွား ကတ္တရာကွန်ကရစ် လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ လမ်းအပိုင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည် ။
အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဦးသန့်စင်မောင်နှင့် ဦးဝင်းခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် ဦးဝင်းမော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ B.O.T ကုမ္ပဏီများမှလုပ်ငန်းရှင်ကြီးများ၊ အဖွဲ့ အစည်းအသီးသီးမှကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသားရိုးရာအက အဖွဲ့များ တက်ရောက်ကြသည် ။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကြီးဌာနနှင့် အကျိုးတူပူးပေါင်း၍ လမ်း-တံတားလုပ်ငန်းများကို B.O.T စနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင်များနှင့်အတူ တိုင်းရင်းသားပြည်သူများ လိုရာခရီးကို ချောမွေ့မြန်ဆန်ပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်အတွက် အတူပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း၊ နိုင်ငံတော် အနေဖြင့် B.O.T လမ်း-တံတားလုပ်ငန်းများ တွင် ဘဏ္ဍာငွေကြေး စိုက်ထုတ်သုံးစွဲစရာ မလိုဘဲ ပြည်သူများ၏ အခြားသော ပညာရေး၊ ကျန်းမာ ရေးနှင့် လူမှုရေး ကဏ္ဍများတွင် အသုံးပြုခြင်းဖြင့် ကဏ္ဍာပေါင်းစုံ တိုးတက်လာမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ လမ်း-တံတားလုပ်ငန်းများကို B.O.Tစနစ်ဖြင့် ၁၉၉၆ခုနှစ်ကတည်း လာရှိုး-မူဆယ်လမ်းအပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင်တိုင်းရင်းသား B.O.T ကုမ္ပဏီပေါင်း (၂၅) ဖွဲ့ က လမ်းမိုင်ပေါင်း (၃၀၂၅)မိုင်ကို အဆင့်မြှင့်တင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ မန္တလေး-လာရှိုး-မူဆယ်လမ်းမကြီး၊ ရန်ကုန်-ပြည်-မကွေး လမ်း၏ ရန်ကုန်-တိုက်ကြီးလမ်းအပိုင်း၊ ရန်ကုန်-ဘုရားကြီး-ကျိုက်ထို-မော်လမြိုင်လမ်း၊ မန္တလေး-စစ်ကိုင်း-မုံရွာလမ်း ၊ တနင်္သာရီ-မောတောင် လမ်းပိုင်းများကို အဆင့်မြှင့်တင်နေပြီဖြစ်ပါကြောင်း၊ ယခု ကလော-တောင်ကြီး လမ်းအပိုင်း ကတ္တရာကွန်ကရစ်လမ်းမကြီးကို တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေး ကုမ္ပဏီက ပြည်သူများတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆက်လက်၍ ကလော-တောင်ကြီးအပိုင်းသာမက အကွေ့အကောက်များပြီး မတ်စောက်သည့် ကလော- နမ့်ပန်တက် လမ်းအပိုင်းနှင့်ပျော်ဘွယ်-ဘုရားငါးဆူလမ်းပိုင်း၊ သာစည်-သပြေဝလမ်းအပိုင်းများကိုပါ တောင်ပေါ် ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီကနှစ်အလိုက်စီမံချက်ဖြင့် လမ်းအဆင့်မြှင့်တင်တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပြည်သူများဘက်က အရည်အသွေးကောင်းအောင် ဆောင်ရွက်ပေးထားသည့် လမ်းကောင်း များကို သတ်မှတ်ထားသော ခွင့်ပြုတန်ချိန်အတိုင်း သွားလာအသုံးပြုပြီး ပေးဆောင်ရမည့် လမ်း အသုံးပြုခ၊ ဝန်ဆောင်ခပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ယနေ့ဖွင့်လှစ်ပေးလိုက်သည့် မိတ္ထီလာ-ကလော-တောင်ကြီးလမ်းပိုင်း၏ ကလော-တောင်ကြီး အပိုင်း (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းနှင့် တံတားများ ရေရှည်အသုံးပြုနိုင်ရေးအတွက် ဒေသခံများနှင့် လမ်းအသုံးပြုသူတိုင်းရင်းသားမိဘပြည်သူများမှလမ်း-တံတားများပေါ်မှာ လိုက်နာရန် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျလိုက်နာအသုံးပြု ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်း လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်ဥက္ကဌ က B.O.T စနစ်ဖြင့် လမ်းလုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြ၍ ဒေသခံပြည်သူ တစ်ဦးက ကျေးဇူး တင်စကား ပြောကြားသည်။
ယင်းနောက် ကလော-တောင်ကြီးလမ်းအပိုင်းအား ပြည်နယ်လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန်းငွေနှင့် ဒေါ်ပြုံးကေသီနိုင်၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်နှင့် တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် ဥက္ကဌ ဦးစိုင်းဖီးလစ်ရီ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် ဧည့်သည်တော်များသည် လမ်း-တံတားတည်ဆောက်မှုနှင့် အရည်အသွေးပိုင်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ပြသ ထားသည့် ပုံစံငယ်ပြခန်းအား ကြည့်ရှုပြီး တောင်ကြီး-ကလောလမ်းအပိုင်းအား ကတ္တရာ ကွန်ကရစ် အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ဖွင့်လှစ်သည့် ကလော - တောင်ကြီးလမ်းအပိုင်းသည် မိတ္ထီလာ - တောင်ကြီး -ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးအပိုင်းတွင် ပါဝင်ပြီး B.O.T စနစ်ဖြင့် ဆောင်ရွက်သော တောင်ပေါ် ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ ကလော-တောင်ကြီးလမ်းပိုင်း(၄၅)မိုင်အား (၄၈)ပေ အကျယ် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းပြီးစီး၍ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျန်လမ်းအပိုင်းများကိုလည်း လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းချဲ့ခြင်းလုပ်ငန်းများကိုလည်းအပိုင်းလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


