ပုဂံ ၁ မေ 

ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ မြနန်းဘုံ Royal Emerald River View Resort ဟိုတယ်၌ ကျင်းပသည်။

 

4258

 

ရှေးဦးစွာ ပုဂံလူရည်ချွန်စခန်းမုခ်ဦးအား နေပြည်တော်၊ ဘားအံနှင့် ထားဝယ်တို့မှ လူ့ရည်ချွန် ကျောင်းသား ကျောင်းသူသုံးဦးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

4259

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လူရည်ချွန် မောင်မယ်များအနေဖြင့် ပထမဆုံးလိုအပ်ချက်ဖြစ်သည့် ကြိုးစားအားထုတ်ခြင်းနှင့် လောကနယ်ပယ်တွင်ရှိသည့် ဗဟုသုတများကို မိမိတို့၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် စုဆောင်းကြရမည်ဖြစ်ကြောင်း၊ အခြေခံကျသည့်အချက်မှာ အကျင့်စာရိတ္တတွင် ရိုးသားဖြောင့်မတ်မှု၊ စည်းကမ်းလိုက်နာတတ်မှုနှင့် လူတိုင်းအပေါ်တွင် အလေးထားတတ်မှုဖြစ်ကြောင်း၊ ပြောသမျှအရာရာတိုင်းကို လက်ခံယုံကြည်ခြင်းမရှိဘဲ စူးစမ်းလေ့ လာမေးခွန်းထုတ်ပြီး ကျိုးကြောင်းဆင်ခြင်သုံးသပ်နိုင်မှုရှိရမည်ဖြစ်ကြောင်း၊ ခေတ်နှင့် မျက်ခြည်မပြတ်ရန်အတွက် သတင်းစာ၊ စာပေဗဟုသုတများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများအား ရင်ထိုးတံဆိပ်များ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ၊ စခန်းတာဝန်ခံ၊ ကြီးကြပ်သူဆရာ၊ ဆရာမများနှင့် လူရည်ချွန်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ရွှေစည်းခုံ၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပုလ္လင်၊ မြစေတီကျောက်စာနှင့် လောကနန္ဒာ အစရှိသည့် ပုဂံရှေးဟောင်း စေတီပုထိုးများကို လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။ 

သတင်း-ကိုမင်း၊ ဓာတ်ပုံ - မင်းမင်း