ပေါင် ၂ မေ
(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မွန်ပြည်နယ်မီးသတ် ဦးစီးမှူး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သောက်သုံးရေပြတ်လပ်နေသော ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့ မနက်ပိုင်းက သောက်သုံးရေများ သွားရောက်ဝေငှလှူဒါန်းခဲ့သည်။
"မီးသတ်ရဲ့လုပ်ငန်းရည်မှန်းချက်တာဝန် ၄ ရပ်ရှိပါတယ်။ မီးဘေးလုံခြုံရေးအပြင် သဘာဝဘေးနှင့် ရှာဖွေကယ်ဆယ်ရေး ပါဝင်သလို ပြည်သူ့အကျိုးပြုလုပ်ငန်းဆိုတာလည်းပါဝင်တဲ့အတွက် ယခုလက်ရှိရေရှားတဲ့ နေရာတွေမှာ လိုက်လံဝေငှလှူဒါန်းပေးရခြင်းဖြစ်ပါတယ်။
နောက်ပြီး မေလ ၅ ရက်နေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်နယ်မှူးကိုယ်တိုင် လိုက်ပါဦးဆောင်မှုနဲ့အတူ ပြည်နယ်က မီးသတ်ယာဉ် ၂ စီး၊ ခရိုင်က ၂ စီးနဲ့ ပေါင်မြို့နယ်က သန္ဓေအရန်တပ်ဖွဲ့ဝင် ၉ စီး စုစုပေါင်း ၁၃ စီးတို့က ရွာသုံးရွာကိုလိုက်လံ ဝေငှပေးပါ တယ် ။သထုံခရိုင်ဘက်ခြမ်းအနေဖြင့် ရေအရှားဆုံးက ပေါင်မြို့နယ်ဖြစ်ပါတယ်။"ဟု သထုံခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကြင်ထွန်းကဆိုသည်။
ပေါင်မြို့နယ်တွင်သောက်သုံးရေများပြတ်လပ်မှုဒဏ်ကိုခံစားနေရသောဒေသများအနက် ပင်လယ်ဒီရေ ဝင်ရောက်သော ကျားဘို၊ အလှပ်၊ ဝဲပတန်ကျေးရွာများ၌ နှစ်စဉ်သောက်သုံးရေရှားပါးခြင်းနှင့် ကြုံတွေ့ရပြီး ယခုနှစ်တွင် ရေရှားပါးမှုကိုပိုမိုခံစားလာရကြောင်းဒေသခံတစ်ဦးကဆိုသည်။
ထိုသို့လှူဒါန်းရာတွင် မွန်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်နီ၊ သထုံခရိုင်မီးသတ်ဦးစီးမှူးဦးအောင်ကြင်ထွန်း၊ ပေါင်မြို့နယ်မီးသတ်ဦးစီးမှူးဦးစိုးကျော်သူအပါအဝင်သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၅၀ နှင့်အတူ ဘိုဘိုဝင်းအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ပါဝင်လှူဒါန်းခဲ့ကြပြီး မီးသတ်ယာဉ် ၁၃ စီးဖြင့် ရေဂါလန်ပေါင်း ၁၄၈၀ဝ ကျော်ကို ဝေငှလှူဒါန်းခဲ့ကြောင်းသိရသည်။
ဇင်မျိုးသူ


