မြစ်ကြီးနား ၂ မေ
၂၀၁၉ ခုနှစ် မေလ(၅)ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ မြစ်ကြီးနားမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
အဆိုပါစုပေါင်းသွေးလှူဒါန်းရာတွင် မီးသတ်တပ်ဖွဲ့ဝင် (၄၅)ဦးဖြင့် ပါဝင်လှူဒါန်းခဲ့ကြပြီး စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ယနေ့စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခု မှ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြပြီး မေလ(၅)ရက်နေ့တွင် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ စစ်ရေးပြ အခမ်းအနားနှင့် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြအစီအစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဦးကျော်စိုးသန်း၏ ပြောကြားချက်အရ သိရသည်။
စိန်ဝင်း (ပြန်/ဆက်)


