နေပြည်တော် ၂ မေ
မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းတွင် မသန်စွမ်းများ၏ အခွင့်အရေးနှင့် အကျုံးဝင်မှုမြှင့်တင်ခြင်းဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲကို နေပြည်တော်၊ Grand Amara ဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်မှစပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းခဲ့ရာ ယခုအစိုးရ လက်ထက်တွင် ဒီမိုကရေစီအကူးအပြောင်း ပိုမိုပီပြင်စေရန်နှင့် အမြစ်တွယ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အခက်အခဲများ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသော်လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုအင်အားဖြင့် ကျော်လွှားဆောင်ရွက်လျက် ရှိပါကြောင်း၊ လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဖေါ်ဆောင်ပေးနိုင်ရန် လိုအပ်သော ဥပဒေများကို လွှတ်တော်က ပြဌာန်းပေးလျက်ရှိပြီး အစိုးရက ထိရောက်စွာ အကောင်အထည် ဖေါ်ပေးရပါကြောင်း၊ မသန်စွမ်းသူများအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ အခွင့်အရေးတန်းတူရရှိရေးနှင့် ကဏ္ဍအသီးသီးတွင် ပါဝင်စွမ်းဆောင်နိုင်ရေးတို့ကို အစိုးရက အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများအတွက် အမှန်တကယ် အပြောင်းအလဲများကို ဖေါ်ဆောင်နိုင်ရန် ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ စာရင်းဇယားများအရ ဦးရေနှစ်သန်းခွဲခန့်ရှိသော မသန်စွမ်းသူများ၏ ပါဝင်စွမ်းဆောင်နိုင်မှုကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းတွင် မသန်စွမ်းသူများသည် အင်အားစုတစ်ရပ်အဖြစ် အကျိုးပြုပါဝင်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ယာယီ ဥက္ကဋ္ဌ ဦးသိန်းလွင်က မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းတွင် မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းအတွက် ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။
အဆိုပါဆွေးနွေးပွဲအား (၂) ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် အကျုံးဝင်မှုအတွက် နိုင်ငံတော်အစိုးရ၏ လက်ရှိဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ၊ မသန်စွမ်းသူများ၏ လိုအပ်ချက်များနှင့် ပတ်သက်ပြီး Online မှ စစ်တမ်းကောက်ယူထားသည့် အချက်အလက်များ တင်ပြခြင်း၊ ဒီမိုကရေစီအကူးအပြောင်း ကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းလူထုအတွက် အဓိကဆောင်ရွက်ပေးသင့်သည့် နယ်ပယ်ကဏ္ဍများ၊ ၂၀၂၀ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များအနေဖြင့် မသန်စွမ်းလူထုအတွက် ဦးတည်ပြင်ဆင် ဆောင်ရွက်သင့်သည့် အစီအမံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒချမှတ်မှုများနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် မသန်စွမ်းအသင်းအဖွဲ့များ၏ အခန်းကဏ္ဍ၊ အရေးပါမှုနှင့် အကျုံးဝင်ပါဝင်မှုတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


