နေပြည်တော် ၂ မေ  
    

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဧပြီ ၃၀ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုအခြေအနေနှင့် ကလောမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ကလောပင်မ ဓာတ်အားခွဲရုံသို့လည်းကောင်း မေ ၁ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
    

 

နတနမ

 

ကြည့်ရှုစစ်ဆေးစဉ် ဓာတ်အားခွဲရုံမှူးများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးထားမှုနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများအား စစ်ဆေးထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မှုတို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ(တောင်ကြီး)မှ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက် အမြင့်ဆုံးသုံးစွဲမှု ဝန်အားအခြေအနေ၊ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

 
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းများအား သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ဝတ်စုံများဝတ်ဆင်၍ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျစီမံဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများအား အရည်အသွေးပြည့်မီသည့်ပစ္စည်းများဖြင့် တပ်ဆင်အသုံးပြုသွားရန်၊ ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများကြံ့ခိုင် ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်သည့်အခါ ဓာတ်အားပိတ်၍ ဆောင်ရွက်ရပါက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ တင်ပြပြီး ဓာတ်အားပြတ်တောက်ချိန် အနည်းဆုံးနှင့် ပြည်သူလူထုအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်သွားရန်နှင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်သည့်အခြေအနေတို့မှ ကာကွယ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြားပြီး ဓာတ်အားခွဲရုံများရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switchyard အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးထားမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 


(သတင်းစဉ်)