ကျောက်ပန်းတောင်း  ၂ မေ  

 


ပုဂံလူရည်ချွန်စခန်း၌ ရောက်ရှိနေသည့် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပုပ္ပားတောင်ကလပ်ရှိ စေတီတော်အား ဖူးမြော်ခြင်း၊ ပုပ္ပားတောင်ဥယျာဉ်နှင့် ပရဆေးစိုက်ခင်းအား ကြည့်ရှုလေ့လာခြင်းနှင့် Poppa Mountain Resort သို့ သွားရောက်လေ့လာခြင်းတို့ ဆောင်ရွက်ကြသည်။

 

နတ၃

 


ရှေးဦးစွာ ပုဂံလူရည်ချွန်စခန်းမှူး မန္တလေးတိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းမြင့်နှင့်အဖွဲ့ဝင်များ၊ ကြီးကြပ်ဆရာ ဆရာမများနှင့် အဋ္ဌမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၇၈ ဦးတို့သည် ပုဂံလူရည်ချွန်စခန်းမှ ကျောက်ပန်းတောင်းမြို့ရှိ ပုပ္ပားတောင်ကလပ်သို့ရောက်ရှိပြီး ပုပ္ပားတောင်ကလပ်ရှိ စေတီများအား လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။ 

 


ထို့နောက် ပုပ္ပားတောင်ဥယျာဉ်ရှိ ပညာပေးပြခန်းအတွင်း ပြသထားသည့် ဥယျာဉ်အတွင်း တွေ့ရှိနိုင်သည့် နို့တိုက်သတ္တဝါများ၊ တောရိုင်းတိရစ္ဆာန်များ၊ ရေနေသတ္တဝါများ၊ ဆေးဖက်ဝင်အပင်များ၊ သစ်ခွမျိုးများ၊ လိပ်ပြာမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ မျိုးသုဉ်းပျောက်ကွယ်လုနီးရှိနေသည့် မီးတောင်ချိုင့်ဝှမ်းတွင် နေထိုင်လျက်ရှိသည့် မျောက်မျက်ကွင်းဖြူ စသည့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားရှိသည့် ပရဆေးစိုက်ခင်းအတွင်း ကြည့်ရှုလေ့လာကြသည်။

 


ယင်းနောက် ပုပ္ပားတောင်ဥယျာဉ် စုဝေးခန်းမ၌ လူရည်ချွန် ကျောင်းသား ကျောင်းသူများအား တောအုပ်ကြီး ဒေါ်ခင်မျိုးထွေးက ပုပ္ပားတောင်ဘေးမဲ့ တောဥယျာဉ်၏ နောက်ခံသမိုင်းကြောင်း၊ ရည်ရွယ်ချက်များ၊ မြေမျက်နှာသွင်ပြင်၊ တောအမျိုးအစား၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၊ သုတေသနပြုလုပ်နေသည့် အခြေအနေများ၊ လေ့လာကြည့်ရှုအပန်းဖြေနိုင်သော အခွင့်အလမ်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။

 


ထို့နောက် Poppa Mountain Resort သို့ ရောက်ရှိရာ Poppa Mountain Resort အတွင်း ကြည့်ရှုလေ့လာကြပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ကြပြီး မွန်းလွဲပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ပြန်လည်ရောက်ရှိကြသည်။

 


သတင်း-ကိုမင်း၊ ဓာတ်ပုံ-မင်းမင်း