ငွေဆောင် ၂ မေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်ကမ်းခြေရှိ လူရည်ချွန်စခန်း (ငွေဆောင်)သို့ အပန်းဖြေရန် ရောက်ရှိနေသည့် ၂၀၁၈-၂၀၁၉ ဒသမတန်းလူရည်ချွန် မောင်မယ်များသည် အုပ်ချုပ်သူဆရာ၊ ဆရာမများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့သို့ သွားရောက်လေ့လာကြသည်။
ရှေးဦးစွာ ဒသမတန်း လူရည်ချွန်မောင်မယ်များသည် ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ လှူဒါန်းကြသည်။
ထို့နောက် လူရည်ချွန်မောင်မယ်များသည် ရွှေမြင်းပျံ ပုသိမ်ဟာလဝါလုပ်ငန်းနှင့် ရွှေစာပုသိမ်ထီးလုပ်ငန်းသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကုန်ပစ္စည်း ထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး လူရည်ချွန်မောင်မယ်များက သိရှိလိုသည်များကို မေးမြန်းကြသည်။
မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ လူရည်ချွန်မောင်မယ်များသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံသည်။
ထို့သို့ တွေ့ဆုံရာတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားပြီး လူရည်ချွန် မောင်မယ်များကိုယ်စား လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများက လူရည်ချွန်မောင်မယ်များအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် လူရည်ချွန် မောင်မယ်များသည် ပုသိမ်စက်မှုဇုန်ရှိ DONG LONG (PATHEIN) GARMENT အထည်ချုပ်စက်ရုံသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကုန်ပစ္စည်းအဆင့်ဆင့် ထုတ်လုပ်နေမှုအခြေအနေများကို လိုက်လံရှင်းလင်း ပြသကြသည်။
ညပိုင်းတွင် ပုလဲငွေဆောင်ဟိုတယ် ကမ်းခြေအနီးတွင် လူရည်ချွန်မောင်မယ်များ၊ ပုသိမ်နှင့် ငွေဆောင်ရှိ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ အကအလှများဖြင့် သီဆိုဖျော်ဖြေကြသည်။
သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-စိုးမင်းဦး(ပြန်/ဆက်)


