နေပြည်တော် ၂ မေ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI) နှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့ထံ  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၌် မုန်တိုင်းနှင့်ပတ်သက်၍ စတင်ဖြစ်ပေါ်မှုအခြေအနေ၊ လက်ရှိ မုန်တိုင်းဦးတည်ရွေ့လျားနေမှု အခြေအနေနှင့် မုန်တိုင်း၏ သက်ရောက်နိုင်သည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီးက ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)နှင့် ပတ်သက်၍ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အနေဖြင့် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်သတင်း ထုတ်ပြန်ရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ချက်များနှင့် ပညာရှင်များ၏ သုံးသပ်ချက်များကို ဂရုပြုအလေးထားဆောင်ရွက်ရန်၊ အဆိုပါဆိုင်ကလုန်း ဖြစ်ပွားနိုင်သည့် နေရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရမည့် အခြေအနေများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် ပြည်နယ်/ တိုင်းဒေသကြီး ဦးစီးမှူးရုံးများသို့ သတင်းပေးပို့အကြောင်းကြားရန်၊ ဖန်နီ(FANI) မုန်တိုင်းသက်ရောက်နိုင်ခြေရှိသော ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် လေပြင်းတိုက်ခတ်မှု၊ မိုးရွာသွန်းမှုအခြေအနေများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန်၊ မြန်မာနိုင်ငံတွင် ယခင်ကဖြစ်ခဲ့ဖူးသော မုန်တိုင်းများနှင့် မုန်တိုင်းအဖျားခတ်မှုများကြောင့် ထိခိုက်မှုဖြစ်စဉ်များကဲ့သို့ ပြည်သူလူထု ထိခိုက်ခံစားကြရမှုများ မဖြစ်ပွားစေရေးအတွက် ဂရုစိုက်သတိပြုကြရန်၊ မြန်မာနိုင်ငံသို့ မုန်တိုင်းတိုက်ရိုက်ဝင်ရောက်ရန် အခြေအနေမရှိကြောင်း သိရသော်လည်း ထိခိုက်နိုင်ခြေရှိသော ဒေသများတွင် ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ကြိုတင်ချိတ်ဆက်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ဆက်သွယ်ရေးပိုင်းတွင်လည်း မလိုလားအပ်သည့် အခက်အခဲများမဖြစ်ပေါ်စေရန် သတင်းပေးပို့သည့် အချက်အလက်များ ရှင်းလင်းမှုရှိ ရန်မှာကြားခဲ့ကြောင်း သိရှိရသည်။
 
(သတင်းစဉ်)