နေပြည်တော် ၂ မေ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith Thiengtham အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကို အခြေပြု၍ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်အောင် လုပ်ဆောင်မည့်အဖွဲ့အစည်း၊ လုပ်ရပ်မှန်သမျှကို လုံးဝခွင့်ပြုမည်မဟုတ်ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ရပ်တည်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ တပ်မတော်အကြီးအကဲများ ချစ်ကြည်ရေးခရီး အပြန်အလှန် သွားရောက်နိုင်မှု၊ မဲခေါင်မြစ် လုံခြုံရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးနှိမ်နှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နှစ်ဖက်သတင်းဖလှယ်ရေး ကိစ္စရပ်များ၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ပြန့်ပွားရေးအတွက် သံဃာတော်များ အပြန်အလှန် သာသနာတော်ထွန်းကားပြန့်ပွားရေး ခရီးစဉ်များဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံမှ စာချသံဃာတော်များ လာအိုနိုင်ငံသို့ ပင့်ဖိတ်နိုင်ရေး၊ သာသနာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့်အခြေအနေ၊ တပ်မတော်ယဉ်ကျေးမှုအဖွဲ့၊ ဆေးအဖွဲ့၊ အားကစားအဖွဲ့များနှင့် အောက်ခြေအဆင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရေတပ်၊ လေတပ်ဆိုင်ရာ နည်းပညာရပ်များ အပြန်အလှန် ဖလှယ်ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
(သတင်းစဉ်)


