ရန်ကုန် ၂ မေ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် မီးရထားခရီးသွား ပြည်သူများသွားလာမှု လွယ်ကူချောမွေ့စေရေး ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန် - မန္တလေး ရထားသံလမ်းများ အဆင့်မြှင့်တင်ရေးအတွက် ဂျပန်နိုင်ငံမှ ပေးပို့သည့်သံလမ်းများ ရန်ကုန်ဆိပ်ကမ်းသို့ ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိလာရာ ရထားသံလမ်းများကို သင်္ဘောပေါ်မှ သယ်ချခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ဒီသင်္ဘောက မနေ့က နေ့လယ်ပိုင်းမှာ ရောက်ရှိလာပါတယ်။ ဂျပန်နိုင်ငံကနေ သယ်ဆောင်လာပြီးတော့ တန်ချိန် ၂၈၀ဝ တင်ဆောင်လာပါတယ်။ ရန်ကုန်- မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်းကို Phase 1 နဲ့ Phase 2 ဆိုပြီး ဆောင်ရွက်ပါတယ်။ Phase 1 ကတော့ ရန်ကုန်- တောင်ငူ လမ်းပိုင်းဖြစ်ပြီးတော့ Phase 2 ကတော့ တောင်ငူကနေ မန္တလေးအထိဖြစ်ပါတယ်။ တစ်ခါ Phase 1 ကိုပဲ အပိုင်း ၃ ပိုင်း ထပ်ခွဲပါတယ်။ ရန်ကုန်- ပဲခူး လမ်းပိုင်း၊ ပဲခူး- ညောင်လေးပင်လမ်းပိုင်း၊ ညောင်လေးပင်- တောင်ငူလမ်းပိုင်းတို့ပဲ ဖြစ်ပါတယ်။ ယခုရောက်ရှိလာတဲ့ သံလမ်းတွေကတော့ ပဲခူး- ညောင်လေးပင် လမ်းပိုင်းအတွက် ဖြစ်ပါတယ်" ဟု မြန်မာ့မီးရထားတိုင်းအမှတ် (၇)သွားလာပို့ဆောင်ရေး တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြောသည်။
လက်ရှိ ရန်ကုန် - မန္တလေး မီးရထားလမ်းတွင် အသုံးပြုနေသော သံလမ်းများမှာ ပေါင်အားဖြင့် (၇၅) ပေါင်ရှိပြီး အရှည် ၃၉ ပေရှိကြောင်း၊ ယင်းအတွက် တစ်နာရီလျှင် ၄၃ မိုင် ခွင့်ပြုထားသော်လည်း အမှန်တကယ် ၃၅ မိုင်နှုန်းသာ ခုတ်မောင်းနိုင်ကြောင်း၊ ယခု ဂျပန်နိုင်ငံမှ ရောက်ရှိလာသော သံလမ်းများမှာ ပေါင်အားဖြင့် (၁၁၀)ရှိပြီး အရှည် ၈၂ ပေရှိကြောင်း၊ တစ်နာရီလျှင် မိုင် ၅၀ မှ ၆၂ မိုင်အထိ ခုတ်မောင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပဲခူး - ညောင်လေးပင် လမ်းပိုင်းအတွက် ရောက်ရှိလာသော သံလမ်းများဖြင့် လာမည့် အောက်တိုဘာလတွင် သံလမ်းအစားထိုးလုပ်ငန်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရထားသံလမ်းများ ရောက်ရှိမှုမှာ ရန်ကုန် - ပဲခူးလမ်းပိုင်းအတွက် သင်္ဘော ၆ စီး၊ ပဲခူး- ညောင်လေးပင် အပိုင်းအတွက် သင်္ဘော ၇ စီး၊ ညောင်းလေးပင် - တောင်ငူအပိုင်းအတွက် သင်္ဘော ၉ စီး ရောက်ရှိမည်ဖြစ်ကြောင်း၊ Phase 1 တစ်ခုလုံးဖြစ်သည့် ရန်ကုန်- တောင်ငူ အပိုင်းသည် (၂၀၂၂- ၂၀၂၃)တွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရသည်။
ယခုအစားထိုးဆောင်ရွက်မည့် ဂျပန်သံလမ်းများမှာ သံလမ်းအဆက်များအား နည်းပညာသစ်အရ ဆောင်ရွက်ထားသဖြင့် သံလမ်းဆောင့်မှု နည်းပါးပြီး ငြိမ့်ညောင်းသက်သာစွာ ခုတ်မောင်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း-အေကေလင်း၊ ဓာတ်ပုံ-အာကာစိုး


