ပူတာအို ၃ မေ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့၌ ယမန်နေ့ နံနက် ၉ ခွဲ အချိန်က ပူတာအိုခရိုင်၊ ငါးလုပ်ငန်း ဦးစီးဌာနမှူးရုံးတွင် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်း (၁/၂၀၁၉) ဖွင့်လှစ်သည်။
အခမ်းအနားတွင် ပူတာအိုခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြသိန်းမှ သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးကျေးဇူးများအား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ငါးမျိုးစိတ်များအကြောင်း၊ မျိုးငါးပြုစုခြင်းနှင့် မျိုးငါးရွေးချယ်ခြင်း၊ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ငါးဥပြောင်းခြင်း၊ ငါးဥပြောင်းခြင်းနှင့် ငါးဥဖောက်ခြင်း၊ ဆေးထိုးသားဖောက်ခြင်း၊ ငါးမှုန်/ငါးသန်ပြုစုခြင်း၊ ကန်အရည်အသွေးတိုင်းတာ စစ်ဆေးခြင်း၊ ငါးကန်တူးဖော်ခြင်း၊ အသားတိုးမွေးမြူခြင်း၊ သယံဇာတထိန်းသိမ်းခြင်း ၊ လက်တွေ့ငါးမှုန်ပြောင်းခြင်း ဘာသာရပ်များအား စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ပူတာအိုခရိုင်အတွင်းမှ သင်တန်းသား/သူ(၂၁)ဦးတက်ရောက်ကာ သင်တန်းကာလမှာ (၃) ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN
ဓာတ်ပုံ (နောယော်ဘော်)


