ပွင့်ဖြူ ၃ မေ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာတွင် မေ ၃ ရက်၊ ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ကမ်းပါးပြိုကျနေမှုကြောင့် လူနေအိမ် ၁၈ လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့နေရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာသည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့်ကျေးရွာ တစ်ရွာဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် ဧရာဝတီမြစ်ရေး ကမ်းပါးပြိုကျမှုဒဏ်ကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရကြောင်း အဆိုပါ ကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။ ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ကမ်းပါးများ ထပ်မံပြိုကျနေသဖြင့် လူနေအိမ် ၁၈ လုံးအား ကျေးရွာရှိ လူမှုကူညီရေးအသင်းသားများနှင့် ဒေသခံရပ်မိရပ်ဖများက ဝိုင်းဝန်းပူးပေါင်းပြီး ကြိုတင်၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ပေးရာသို့ ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းသွားရောက်ပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးကာ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဆောင်အား ဧရာတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ဆောက်လုပ်နေမှုအား ယခုနှစ် ကျောင်းဖွင့်ရာသီအချိန်မီ ဆောက်လုပ်ပြီးစီးနိုင်ရေးအတွက် ကျေးရွာကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကြိုးပမ်းဆောက်လုပ်သွားနိုင်ရေး ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု ၁၈ စုမှ ဒေသခံပြည်သူများကို နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ယာယီတည်းခိုနေထိုင်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာရပ်မိရပ်ဖများမှ စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


